CNI Sport Article 

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လာမယ့်နှစ် အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင် အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အစ္စရေးအသင်းကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်မယ့် ကမ္ဘာ့ဖလား ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကို ရပ်တန့်ဖို့ အတွက် ကြားဝင်ရောက်လာဖို့ ရှိနေပါတယ်။ 

အစ္စရေးဟာ ဂါဇာမှာ ပါလက်စတိုင်းတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်က စက်တင်ဘာလ အစောပိုင်းက ပြောထားတာပါ။ 

ကုလသမဂ္ဂ အကြီးအကဲအချို့နဲ့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က အစ္စရေးနိုင်ငံကို အားကစားဆိုင်ရာ ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ 

ကာတာနိုင်ငံကလည်း သူတို့လေကြောင်း တိုက်ခိုက်မှုခံခဲ့ရပြီးနောက် အစ္စရေးနိုင်ငံနဲ့ ကလပ်အသင်းတွေကို ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဥရောပကလပ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ဖို့ ဖီဖာနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် တို့ကို တောင်းဆိုမှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။ 

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

အမေရိကန်နိုင်ငံ ပြည်နယ်ဌာနတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ "အစ္စရေးနိုင်ငံ ဘောလုံးအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပိတ်ပင်ဖို့ ကြိုးပမ်းတဲ့ အရာမှန်သမျှကို အပြည့်အဝ ရပ်တန့်ဖို့ သူတို့လုပ်ဆောင်သွား မယ်"လို့ BBC Sport ကို ပြောခဲ့တာပါ။ 

ဖီဖာဟာ ကုလသမဂ္ဂရဲ့ တောင်းဆိုမှုကို တုံ့ပြန်မှု မရှိသေးပေမယ့် လာမယ့် အပတ်ထဲမှာ ဆုံးဖြတ်သွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ ကြိုးပမ်းထားတဲ့ ဖီဖာ အကြီးအကဲ အင်ဖန်တီနိုအတွက်တော့ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနိုင်ဖွယ်ရှိနေတာပါ။ 

အင်ဖန်တီနိုက ပဋိပက္ခတွေထဲမှာ ပါဝင်နေတဲ့ နိုင်ငံတွေကို ပိတ်ဆို့အရေးယူဖို့ ခက်ခဲပေမယ့် ဂါဇာမှာ ဖြစ်နေတဲ့ အရာတွေကို မြင်တွေ့ရတာဟာ သူ့ကို အလွန်ခံစားစေတယ်လို့ ဒီရက်သတ္တပတ်ထဲ နယူးယော့ခ်မှာ မိန့်ခွန်း ပြောခဲ့ပါတယ်။

အစ္စရေးအသင်း ယှဉ်ပြိုင်နေစဉ်

အင်ဖန်တီနိုဟာ ဒီလိုစကားတွေ ပြောခဲ့ပေမယ့် ယူကရိန်းနိုင်ငံကို ကျူးကျော်ခဲ့တဲ့ ရုရှားနိုင်ငံက လက်ရွေးစင် အသင်းတွေနဲ့ ကလပ်အသင်းတွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားဆဲဖြစ်တာပါ။ 

အစ္စရေးအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ခြေစစ်ပွဲအောင်မြင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။ 

အစ္စရေးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၉ မှတ် ရရှိထားကာ လာမယ့် အောက်တိုဘာ မှာ နော်ဝေ၊ အီတလီအသင်းတို့နဲ့ ခြေစစ်ပွဲယှဉ်ပြိုင်ရမှာပါ။ 

အစ္စရေးအသင်းဟာ အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်နေတဲ့ အီတလီအသင်းနဲ့ ရမှတ်တူ တတိယနေရာမှာ ရပ်တည်နေပါတယ်။ 

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ(ဥရောပဇုန်)မှာ အုပ်စုတွင်း ထိပ်ဆုံးနေရာ ရပ်တည်တဲ့ အသင်းတွေဟာ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပြီး ဒုတိယရပ်တည်တဲ့ အသင်းတွေဟာ ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာပါ။

ဥရောပဘောလုံးနိုင်ငံတွေဟာ အစ္စရေးကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ချင်တဲ့ သူတို့ရဲ့ ဆန္ဒတွေဟာ ပိုပြီးကြီးထွားလာနေကြပါတယ်။ 

အစ္စရေးအနေနဲ့ ခြေစစ်ပွဲ မအောင်မြင်ဘူးဆိုရင်လည်း လာမယ့် နိုင်ငံတကာပြိုင်ပွဲတွေနဲ့ ဥရောပကလပ် ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်စေချင်နေပါတယ်။ 

အဲဒါကြောင့် ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က အစ္စရေးကို သူတို့နဲ့သက်ဆိုင်တဲ့ ပြိုင်ပွဲတွေမှာ ပိတ်ပင်တဲ့ ဆုံးဖြတ်ချက် ချနိုင်မလား ဒါမှမဟုတ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြားဝင်ရောက်မှုကြောင့် ဆုံးဖြတ်ချက် ပြောင်းလဲနိုင်မလားဆိုတာ မကြာမီ မြင်တွေ့ရမှာဖြစ်ပါတယ်။