CNI Sport Article
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေမှာ အဓိက ကစားသမားတွေရဲ့ ဒဏ်ရာတွေကြောင့် အပါအဝင် အခြား အကြောင်းအရာတွေကြောင့် ဆုဖလားတွေကို လက်လွှတ်ခဲ့ရတယ်လို့ ဆင်ခြေပေး ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ အာဆင်နယ်အသင်း ဂန္ထဝင် အွန်နရီက အာဆင်နယ်အသင်းရဲ့ ဒီရာသီလူစာရင်းဟာ အခြား အသင်းတွေထက် အလွန်တောင့်တင်းတာကြောင့် ဒီနှစ်မှာ ဆုဖလားတစ်ခုခု ရယူရမှာဖြစ်ပြီး ဘာဆင်ခြေမှ ပေးလို့ မရတော့ဘူးလို့ ပြောလာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ဆုဖလားတွေ ရယူနိုင်ဖို့အတွက် ပေါင်သန်း ၂၅၀ ကျော် အသုံးပြုပြီး နေရာ တိုင်းမှာ ကစားသမား အင်အားဖြည့်ထားခဲ့တာပါ။
အာဆင်နယ်အသင်းရဲ့ လက်ရှိ လူစာရင်းကို ကြည့်ရရင် တစ်နေရာမှာ ကစားသမား ၂ ဦးဟာ အသင့် အနေအထား ရှိနေပြီး ၂ သင်းစာ လူစာရင်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတွေမှာ အဓိက ကစားသမားဖြစ်တဲ့ ဆာကာနဲ့ အိုဒီဂတ် အပါအဝင် ကစားသမားအချို့ ဒဏ်ရာ ကြောင့် အနားယူရတဲ့ အချိန်မှာ အာဆင်နယ်အသင်းဟာ သူတို့ရဲ့နေရာမှာ အစားထိုးမယ့် ကစားသမားမရှိလို့ အခက်တွေ့ခဲ့တယ်ဆိုတာ အားလုံးမြင်တွေ့ခဲ့ရတာပါ။
အွန်နရီကို တွေ့ရစဉ်
ဒီရာသီအစပိုင်းမှာလည်း အာဆင်နယ်အသင်းဟာ ဆာကာ၊ အိုဒီဂတ်၊ ဆာလီဘာ၊ ဟာဗတ်ဇ်နဲ့ ဂျီးဆပ်စ်တို့ ဒဏ်ရာ အခြေအနေ ကြုံတွေ့နေရချိန်မှာ အခက်တွေ့နိုင်မလားဆိုပြီး စောင့်ကြည့်မှုတွေ ခံခဲ့ရပါတယ်။
ဒါပေမယ့် နွေရာသီမှာ ခေါ်ယူခဲ့တဲ့ မက်ဒူကီ၊ အီဇီ၊ ယိုကီရက်စ်၊ မိုစကွဲယား၊ ဇူဘီမန်ဒီတို့က ဒီနေရာတွေကို အသင့် ဝင်ရောက်ပြီး အာဆင်နယ်အသင်းအတွက် ခြေစွမ်းတွေ ပြသနိုင်ခဲ့ကြတာပါ။
ဒါကြောင့် နည်းပြအာတီတာဟာ အဓိက ကစားသမားတွေ ဒဏ်ရာရနေချိန်မှာ သူ့အတွက် အတောင့်တင်းဆုံး လူစာရင်းကို ရွေးချယ်လို့ ရနေတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ လက်ရှိ အနေအထားဟာ ဆုဖလား တစ်ခုခု ရယူနိုင်ဖို့ အချိန်တန်နေပြီလို့ ပြောရမှာပါ။
အမှန်တော့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေကတည်းက ဆုဖလားတွေရယူဖို့ နီးစပ်ခဲ့ပြီး နောက်ဆုံးမှာ ခြေချော်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၃ ရာသီဆက်တိုက် အဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ရပြီး မနှစ်ကရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကို တွေ့ရစဉ်
အာဆင်နယ်အသင်းရဲ့ ဒီရာသီ ကစားထားတဲ့ ၅ ပွဲကို ကြည့်ရမယ်ဆိုရင် ပွဲတိုင်းအကောင်းဆုံး စွမ်းဆောင်ရည် တွေကို ပြသထားပြီး နေရာတိုင်း အမှားအယွင်း နည်းခဲ့တာပါ။
ဒီ ၅ ပွဲမှာ အာဆင်နယ်အသင်းဟာ ၄ ပွဲ အနိုင်ရထားပြီး လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အရေး နိမ့်ထားတဲ့ ၁ ပွဲသာ ရှုံးပွဲ ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။
ဒီ ၅ ပွဲမှာ အာဆင်နယ်အသင်းဟာ ၁၁ ဂိုးသွင်းထားပြီး ၁ ဂိုးသာ ပေးဂိုးပေးခဲ့ရတာပါ။ ဒီပေးခဲ့ရတဲ့ ၁ ဂိုးကလည်း လီဗာပူးလ်အသင်း ကွင်းလယ်လူ ဆိုဘို့ဆလိုင်းရဲ့ ဖရီးကစ် ကန်ချက်ကနေ ပေးခဲ့ရတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကတည်းက ခံစစ်ကစားပုံ အလွန်ကောင်းမွန်ခဲ့ပြီး သူတို့ကို ပြိုင်ပွဲတွေမှာ ဘယ်အသင်းကမှ ၂ ဂိုး အထက်ပိုပြီး သွင်းယူနိုင်ခြင်း မရှိခဲ့တာပါ။
အာဆင်နယ်အသင်းကို တွေ့ရစဉ်
လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ ခံစစ်ပိုင်း ပိုကောင်းမွန်လာသလို တိုက်စစ်ပိုင်းမှာ ယိုကီရက်စ်ကလည်း သွင်းဂိုးတွေ သွင်းယူနေတာ ဖြစ်ပါတယ်။
လူစားဝင်ပြီး ကစားနေရတဲ့ မာတင်နယ်လီနဲ့ ထရော့ဆာဒ်တို့ကလည်း ပွဲထွက် လူစာရင်းထဲ ဝင်နိုင်ဖို့ ဂိုးတွေ သွင်းယူပြီး ခြေစွမ်းပြသနေတာကြောင့် အာဆင်နယ်အသင်းရဲ့ လူစာရင်းထဲ အားပြိုင်မှုတွေကလည်း အသင်းကို ပိုပြီးအားကောင်းလာစေမှာပါ။
အာဆင်နယ်အသင်း အနေနဲ့ လက်ရှိ ပြသနေတဲ့ ပုံစံကို ရာသီကုန်အထိ ဆက်ထိန်းထားနိုင်မယ်ဆိုရင် သူတို့ အတွက် ဆုဖလား တစ်ခုခုဟာ ပြေးလွှတ်မှာ မဟုတ်သလို ဆင်ခြေပေးနေရတာတွေလည်း အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ဆုဖလားလက်မဲ့ ဖြစ်နေမှုကို ဒီရာသီမှာ အဆုံးသတ် သွားနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။