CNI International News

ဘေဂျင်း၊ စက်တင်ဘာ ၄

အနာဂတ်ခေါင်းဆောင်အဖြစ် ရှေ့ပြေးနေသူ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)က တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်သို့ ခေါ်ဆောင်လာခဲ့ပြီး ပွဲထုတ် ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုခရီးစဉ်သည် ကင်မ်၏ သမီးဖြစ်သူအတွက် ပထမဆုံး ပြည်ပခရီးစဉ်တွင် လူထုရှေ့မှောက်သို့ ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ကြောင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်၏ သမီးဖြစ်သူသည် သားစဉ်မြေးဆက် အုပ်ချုပ်လာခဲ့သည့် မြောက်ကိုရီးယား မိသားစု၏ အရိုက်အရာကို ဆက်ဆံရဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့သည်။

မြောက်ကိုရီးယားသည် ကင်မ်၏ သမီးဖြစ်သူ၏ အမည်နှင့် အသက်တို့ကို မည်သည့် အခါကမျှ ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း တောင်ကိုရီးယား ထောက်လှမ်းရေး အရာရှိများကမူ ကင်မ်၏ သမီး၏အမည်မှာ ကင်မ်ဂျူအဲ (Kim Ju Ae) ဖြစ်ကြောင်း အမေရိကန် ဘတ်စ်ကက်ဘော ကစားသမား ဒန်းနစ် ရော့မန်း (Dennis Rodman)၏ ပြော ကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

ရော့မန်းသည် ၂၀၁၃ ခုနှစ်က ကင်မ်၏ မိသားစုနှင့်အတူ နေထိုင်ခဲ့ဖူးပြီး ထိုအချိန်က ကလေးအရွယ်သာ ရှိသေး သည့် ကင်မ်၏ သမီးကို ချီခဲ့ဖူးသည်ဟု ဆိုသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် စီးနင်းလိုက်ပါလာသည့် ရထားသည် ဘေဂျင်းမြို့တော်သို့ ရောက်ရှိချိန်တွင် ကင်မ်ဂျူအဲသည် ဖခင်ဖြစ်သူ၏ နောက်မှကပ်ပြီး ရထားပေါ်မှ ဆင်းလာသည်ကို မြင်တွေ့ရသည်။

ကင်မ်ဂျုံအန် တရုတ်နိုင်ငံကို ရောက်လာစဉ် သမီးဖြစ်သူကို နောက်မှာတွေ့ရစဉ်

“အခုချိန်အထိတော့ ဂျူအဲဟာ မြောက်ကိုရီးယား ခေါင်းဆောင်သစ်ဖြစ်ဖို့ ရေပန်းစားနေတဲ့သူပါ။ သူဟာ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေကို အတွေ့အကြုံ ရယူနေတာကြောင့် မြောက်ကိုရီးယား ခေါင်းဆောင်သစ် ဖြစ်လာလိမ့်မယ် ထင်ကြေး ပေးခံထားရပါတယ်”ဟု အမေရိကန်အခြေစိုက် Stimson Center မှ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ မိုက်ကယ် မက်ဒန် (Michael Madden) က ပြောကြားခဲ့သည်။

ယခု ခရီးစဉ်သည် ဂျူအဲအတွက် ဖခင်ဖြစ်သူ ကင်မ်နှင့် မြောက်ကိုရီးယား နိုင်ငံပြင်ပကို ပထမဆုံးအကြိမ် လိုက်ပါ လာခြင်းဖြစ်ပြီး ထိုအတွေ့အကြုံကို ဖခင်ဖြစ်သူ ကင်မ်နှင့် အဒေါ်ဖြစ်သူ ကင်မ်ယိုဂျုံ (Kim Yo Jong) တို့ တစ်ခါမှ မရခဲ့ဖူးကြောင်း မက်ဒန်က ပြောကြားခဲ့သည်။

ကင်မ်သည့ ဆယ်ကျော်သက် ဘဝက ၎င်း၏ ဖခင် ကင်မ်ဂျုံအီ (Kim Jong Il) နှင့် ပြည်ပခရီးစဉ် မလိုက်ခဲ့ရဖူးဘဲ ကင်မ်ယိုဂျုံသည်လည်း ဆယ်ကျော်သက်ဘဝက ပြည်ပခရီးစဉ်တွင် ပါဝင်ခဲ့ဖူးခြင်း မရှိပေ။

ကင်မ်၏ ဖခင်ဖြစ်သူ ကင်မ်ဂျုံအီသည် မြောက်ကိုရီးယားနိုင်ငံကို ထူထောင်ခဲ့သည့် ၎င်း၏ ဖခင် ကင်အီဆွန်း (Kim Il Sung) နှင့်အတူ ပြည်ပခရီးစဉ်များတွင် လိုက်ပါခွင့်ရခဲ့သည်။

Source: ရိုက်တာ