CNI International News

ဘန်ကောက်၊ ဩဂုတ် ၄

ထိုင်း၏ အာဏာရပါတီဖြစ်သည့် ဖြူးထိုင်းပါတီမှ ယာယီဝန်ကြီးချုပ် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ရွေးကောက်ပွဲ ကျင်းပရန်အတွက် လွှတ်တော်ကို ဖျက်သိမ်းရန် ဘုရင့်ထံမှ ခွင့်ပြုချက်ရရှိဖို့ အဆိုပြုထားကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

အောက်လွှတ်တော်ရှိ အတိုက်အခံ အင်အားစုမှ အစိုးရသစ်ဖွဲ့စည်းရန် အခြားပါတီတစ်ခုကို ထောက်ခံသွားမည်ဟု ပြောကြားခဲ့ပြီးနောက် စက်တင်ဘာ ၂ ရက်တွင် ဖွမ်သမ်က လွှတ်တော်ဖျက်သိမ်းရေးအတွက် ဘုရင့်ထံ အဆိုပြု တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဖြူးထိုင်းပါတီ၏ ဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) ကို ကျင့်ဝတ်သိက္ခာ ချိုးဖောက်မှုဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ဖြူထိုင်းပါတီသည် ရွေးကောက်ပွဲ အသစ်တစ်ခု ပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ဘူဂျထိုင်းပါတီ၏ ခေါင်းဆောင် အနူတင် ချန်ဗီယာကူလ်ကို တွေ့ရစဉ်

ပြီးခဲ့သည် ရက်ပိုင်းက အောက်လွှတ်တော်၏ နေရာ ၃ ပုံ ၁ ပုံကို ထိန်းချုပ်ထားသည့် အတိုက်အခံ ပြည်သူ့ပါတီ ကမူ လွှတ်တော်ကို မဖျက်သိမ်းဘဲ နောက်ထပ် အစိုးရသစ်ဖွဲ့စည်းရန်နှင့် ထိုအစိုးရအဖွဲ့သစ်ကို ဘူဂျထိုင်းပါတီ၏ ခေါင်းဆောင် အနူတင် ချန်ဗီယာကူလ် (Anutin Charnvirakul) အား ဝန်ကြီးချုပ်အဖြစ် အဆိုပြုရန် ထောက်ခံ ကြောင်း ကြေညာခဲ့သည်။

ထို့ကြောင့် လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းနေသည့် ဖြူးထိုင်းပါတီနှင့် လွှတ်တော် ကို မဖျက်သိမ်းဘဲ ဝန်ကြီးချုပ်သစ် ရွေးချယ်ကာ အစိုးရသစ်ဖွဲ့ရန် ကြိုးပမ်းနေသော အတိုက်အခံအင်အားစုများ ကြား ပွတ်တိုက်မှုများ ဖြစ်ပွားနေသည်။

ပေတုန်တန် ထုတ်ပယ်ခံရပြီးနောက် ၎င်း၏ ဖြူးထိုင်းပါတီသည် ညွန့်ပေါင်းအစိုးရအဖွဲ့သစ်ဖွဲ့ရန် ခက်ခဲလာခဲ့ သဖြင့် လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ပေတုန်တန်ကို တွေ့ရစဉ်

ပေတုန်တန် ရှင်နာဝပ်သည် ရှင်နာဝပ် မိသားစု၏ ထောက်ခံမှုကို ရရှိခဲ့ပြီး ရာထူးမှ ဖယ်ရှားခံရသည့် ဆဋ္ဌမမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့မှုနှင့်အတူ ထိုင်းနိုင်ငံ၏ ပြိုင်ဘက် အီလစ်များကြား နှစ်ပေါင်း ၂၀ ကြာ အာဏာလွန်ဆွဲမှု အခြေအနေကို ပေါ်လွင်စေခဲ့သည်။

ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ရှင်နာဝပ် မိသားစုဝင်များနှင့် ရှင်နာဝပ် မိသားစုက ထောက်ခံခဲ့သည့် ဝန်ကြီးချုပ် ၆ ဦး ရှိခဲ့သည်။

ထိုကဲ့သို့ ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချ သို့မဟုတ် ဖယ်ရှားခံရသူများမှာ သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra)၊ ဆမ်မက် ဆန်ဒါရာဗီဂျ် (Samak Sundaravej)၊ ဆွမ်ချိုင်း ဝေါင်ဆာဝတ် (Somchai Wongsawat)၊ ယင်းလပ် ရှင်နာဝပ် (Yingluck Shinawatra)၊ ဆရီသာ သာဗီဆင် (Srettha Thavisin) နှင့် ယခု ပေတုန်တန်တို့ ဖြစ်သည်။

လက်ရှိတွင် ယာယီအစိုးရအဖွဲ့က လွှတ်တော်ကို ဖျက်သိမ်းပိုင်ခွင့် ရှိ၊မရှိ အငြင်းအခုံများ ဖြစ်ပွားနေသော်လည်း ထိုင်း၏ အခြေခံဥပဒေအရ ဘုရင်က လွှတ်တော်ဖျက်သိမ်းရေး အဆိုပြုချက်ကို အတည်ပြုခဲ့မည်ဆိုပါက ရွေးကောက်ပွဲကို ၄၅ ရက်မှ ရက်ပေါင်း ၆၀ ကြား ပြုလုပ်ရမည်ဖြစ်သည်။

Source: Nikkei Asia