CNI International News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် အသစ်ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် ပါဝင်မည့် သူများစာရင်းကို အပြီးသတ် ရွေးချယ်ခဲ့ပြီးနောက် ယခုသီတင်းပတ်အတွင်း ဘုရင်၏ အတည်ပြု ထောက်ခံချက်ရရန် ဘုရင့်ထံ တင်သွင်းသွားမည်ဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ပေတုန်တန်၏ ယာယီအစိုးရအဖွဲ့အတွင်းမှ ထိပ်သီးအရာရှိများကမူ အစိုးရအဖွဲ့သစ်သည် စက်တင်ဘာလ လယ်ပိုင်းတွင် အပြီးသတ် ဖွဲ့စည်းလိမ့်မည်ဖြစ်ကြောင်း ယခင်က ပြောကြားခဲ့ဖူးသည်။

အသစ်ဖွဲ့စည်းမည့် အစိုးရအဖွဲ့အတွင်း လက်ရှိ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများကို ဆက်လက် ခန့်အပ် ထားမည်ဖြစ်သော်လည်း ဝန်ကြီးများနှင့် လက်ထောက်ဝန်ကြီးများ အပါအဝင် ရာထူးနေရာ ၁၁ နေရာတွင် လူသစ်များ ပါဝင်လာဖွယ်ရှိကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

အစိုးရအဖွဲ့သစ်သည် ယခင်အစိုးရအဖွဲ့ထက် လွှတ်တော်နေရာ အနည်းငယ် ပိုမိုများပြားလိမ့်မည်ဖြစ်ကြောင်း  ပေတုန်တန်၏ အာဏာရ ဖြူးထိုင်းပါတီ အတွင်းရေးမှူးချုပ် ဆိုရာဝမ် သီအန်သွန်း (Sorawong Thienthong) က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

သို့သော် အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့် လူစာရင်းကိုမူ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။

ဖြူးထိုင်းပါတီနဲ့ မဟာမိတ်ပါတီများကိုတွေ့ရစဉ်

ပြီးခဲ့သည့်လက ဆရီသာ သာဗီဆင် (Srettha Thavisin) သည် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် ရက်ပိုင်းအကြာတွင် အသက် ၃၈ နှစ်အရွယ် ပေတုန်တန်ကို လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြောက်ခဲ့ခြင်းဖြစ်သည်။

ပေတုန်တန်သည် ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်ပြီး ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ်ဖြစ် ကာ သက်ဆင်မိသားစုအတွင်း ဝန်ကြီးချုပ်နေရာကို ရရှိသည့် တတိယမြောက် မိသားစုဝင် ဖြစ်လာခဲ့သည်။

ပေတုန်တန်သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ၏ သမီးဖြစ်ပြီး ယခင် အမျိုးသမီးဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ( Yingluck Shinawatra) ၏ တူမတော်စပ်သူဖြစ်သည်။

အသစ်ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် စစ်တပ်နှင့်ဆက်နွှယ်သည့် Palang Pracharat ပါတီ ပါဝင်တော့မည် မဟုတ်ဘဲ ဖြူးထိုင်းပါတီ၏ ပြိုင်ဘက်ဟောင်း ဒီမိုကရက်တစ်ပါတီ ပါဝင်လာခဲ့သည်။

Source: ရိုက်တာ