CNI International News

တိုင်ပေ၊ စက်တင်ဘာ ၃

တရုတ်အနေဖြင့် ထိုင်ဝမ်ကို ပိုင်ဆိုင်ကြောင်း ကြေညာနေမည်ဆိုပါက ၁၉ ရာစုနှစ်က ရုရှားကို ပေးအပ်ခဲ့သည့် နယ်မြေများကိုလည်း ပြန်လည်တောင်းယူသင့်သည်ဟု ထိုင်ဝမ်သမ္မတ လိုင်ချင်တေး (Lai Ching-te) က ထိုင်ဝမ် မီဒီယာတစ်ခုနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

တရုတ်သည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး သိမ်းယူသွားမည်ဟု မကြာခဏ ပြောကြားခဲ့သည်။

သို့သော်လည်း ထိုင်ဝမ်အစိုးရကမူ ထိုပြောကြားချက်များကို ငြင်းဆိုခဲ့ကာ ထိုင်ဝမ်ဒေသခံများသည် မိမိတို့ အနာဂတ်ကို မိမိတို့ကိုယ်တိုင်သာ ဆုံးဖြတ်မည်ဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။

စက်တင်ဘာ ၁ ရက်က ထိုင်ဝမ်ရုပ်သံ တစ်ခုနှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် လိုင်က တရုတ်၏ နယ်မြေ အများအပြားကို ရုရှားအင်ပါယာထံ ပေးအပ်ခဲ့သော ၁၈၅၈ ခုနှစ်က Treaty of Aigun အမည်ရှိ သဘောတူ စာချုပ် အကြောင်းကို ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်

ထိုသဘောတူညီချက်ကို တရုတ်၏ ချင် (Qing) မင်းဆက်က အတည်ပြုရန် ငြင်းဆန်ခဲ့သော်လည်း ၂ နှစ်အကြာ တွင် ပီကင်းညီလာခံ (Convention of Peking) ၌ အတည်ပြုခဲ့သည်။

ထိုစာချုပ်သည် ၁၉ ရာစုနှစ်က တရုတ်နှင့် ပြည်ပအင်အားကြီး နိုင်ငံများနှင့် ချုပ်ဆိုခဲ့သည့် မျှတမှုမရှိသော စာချုပ်များထဲမှ တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

"တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်သိမ်းပိုက်ချင်နေတာက ထိုင်ဝမ်မှာရှိတဲ့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကြောင့် ဒါမှမဟုတ် နိုင်ငံရေးပါတီ တစ်ခုကြောင့် မဟုတ်ပါဘူး။ နယ်မြေတည်တံ့ ခိုင်မြဲရေးအတွက်လည်း မဟုတ်ပါဘူး" ဟု လိုင်က ပြောကြားခဲ့သည်။

"နယ်မြေတည်တံ့ ခိုင်မြဲရေး အတွက်သာဆိုရင် Treaty of Aigun စာချုပ်အရ ရုရှားကို ပေးထားတဲ့ နယ်မြေတွေကို ဘာလို့ ပြန်မတောင်းတာလဲ။ အခုချိန်မှာ ရုရှားက အားအနည်းဆုံး အချိန်ဖြစ်နေပြီလေ" ဟု လိုင်က ပြောကြားခဲ့ သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

ချင်မင်းဆက်လက်ထက် ချုပ်ဆိုခဲ့သည့် ထိုစာချုပ်အရ တရုတ်အနေဖြင့် ရုရှားထံမှ နယ်မြေများကို ပြန်တောင်းနိုင် ကြောင်း၊ သို့သော် ပြန်တောင်းခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် ထိုင်ဝမ်ကို ကျူးကျော်ရန် ဆန္ဒရှိနေခြင်းသည် နယ်မြေတည်တံ့ခိုင်မြဲရေးဆိုသည့် အကြောင်းပြချက်ကြောင့် မဟုတ်ကြောင်း လိုင်က ဆက်လက် ပြောကြားခဲ့ သည်။

စင်စစ်အားဖြင့် တရုတ်သည် ထိုင်ဝမ်ကို သိမ်းယူရန် ဆန္ဒရှိနေခြင်းသည် စည်းမျဉ်းအခြေပြု နိုင်ငံတကာ အခင်းအကျင်းကို ပြောင်းလဲရန်ဖြစ်ကြောင်း လိုင်က ပြောသည်။

လိုင်၏ ပြောကြားချက်နှင့် ပတ်သက်ပြီး တရုတ်၏ ထိုင်ဝမ်ရေးရာရုံးက မှတ်ချက်တစ်စုံတစ်ရာ မပေးသေးပေ။ 

တရုတ်အစိုးရကမူ ထိုင်ဝမ်သည် ရှေးဟောင်းကာလများကတည်းက တရုတ်၏ နယ်နိမိတ်တစ်ခုဖြစ်ခဲ့ကြောင်း ပြောကြားထားသည်။

Source: Reuters