CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃

ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PFLS/TNLA) အနေဖြင့် တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် တရုတ်ဖက်က စာပေးပို့ခဲ့သည့်အပေါ် TNLA ဘယ်လို တုန့်ပြန်လာနိုင်သလဲဆိုသည်နှင့် ပတ်သက်၍ နိုင်ငံရေးနှင့် စစ်ရေး အကဲခတ်တို့က သုံးသပ်လျက်ရှိနေသည်။

TNLA အနေဖြင့် တိုက်ပွဲများ ချက်ချင်းရပ်တန့်ကာ မြန်မာပြည်မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ်ဒေသများ တွင် အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် ရွှေလီမြို့နိုင်ငံတော်လုံခြုံရေးကော်မတီက ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၉ ရက်နေ့မှာ ပေးပို့ခဲ့သည်။

တရုတ်နယ်စပ်ဒေသ၊ နယ်စပ်အရပ်သူ/သားများနှင့် မြန်မာပြည်တွင်းရှိ တရုတ်ပြည်သား လုပ်ငန်းများနှင့် သက်ဆိုင်သော လုံခြုံမှုများကို အာမခံပေးရန်၊ တရုတ်ပြည်နယ်စပ်ဒေသ အေးချမ်းတည်ငြိမ်ရေးနှင့် တရုတ် နိုင်ငံသား အသက်၊ ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိ စစ်ရေးအပြုအမှုအား ပပျောက်အောင် ဆောင်ရွက်ရန် သို့မဟုတ်ပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များ အားလုံးကို သင်တို့ကိုယ်တိုင် တာဝန်ယူ ရမည်ဟု ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

TNLA ကို တရုတ်က ပို့လိုက်တဲ့စာကို တွေ့ရစဉ်

TNLA အနေဖြင့် လက်ရှိ ဆင်နွှဲနေသော ရှမ်း/မန်း စစ်ဆင်ရေးတွင် ပါဝင်ဆောင်ရွက်နေကြောင်း၊ တရုတ်က ပြောဆိုသော်လည်း တိုက်ပွဲများ ရပ်တန့်သွားမည်မဟုတ်ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ယေဘုယျ ပြောရလို့ရှိရင် ပြန်မပြော နားမထောင် လုပ်မှာပေါ့ဗျာ၊ မူဆယ်ဖက်မှာတော့ တိုက်ပွဲ မဖော်ဘူး ပေါ့၊ ဒါပေမဲ့ နောင်ချို၊ ပြင်ဦးလွင်မှာတော့ တိုက်ပွဲဆက်ဖော်နေတယ်၊ နောက်ပြီးတော့ ရှမ်း/မန်း စစ်ဆင်ရေးကို လည်း TNLA က ပါဝင်ဆင်နွှဲနေတာ ရှိပါတယ်။ ပြန်ပြောနေမယ့်အစား နားမထောင်ဘဲနဲ့ ကိုယ်လုပ်သင့် လုပ်ထိုက် တဲ့ဟာကို ဆက်လုပ်သွားမယ်လို့ ကျနော်တော့ ယူဆပါတယ်” ဟု ပြောသည်။

မိမိတို့၏ မဟာမိတ်တော်လှန်ရေး အင်အားစုတစ်ခု ဖြစ်သည့်အပြင် အချုပ်အခြာအာဏာပိုင် လူမျိုးတစ်မျိုးဖြစ် သည့် တအာင်းအမျိုးသားတို့၏ တပ်မတော်အပေါ်နှင့် မိမိတို့ ပြည်သူများ၏ တော်လှန်ရေးအပေါ် ယခုကဲ့သို့ ရိုင်းပျစွာ ခြိမ်းခြောက်စော်ကားမှုကို ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃၁ ရက်မှာ ထုတ်ပြန်ခဲ့သည်။

တရုတ်ပြည်၏ အကူအညီမပါဘဲ TNLA တိုက်ပွဲ ဖော်ဆောင်နိုင်မှာ မဟုတ်ကြောင်း၊ ထို့ကြောင့် တရုတ်၏ ပြောဆို မှုကို လိုက်နာရမှာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

TNLA တပ်ဖွဲ့ကိုတွေ့ရစဉ်

၎င်းက “တစ်ချက်ကတော့ သူ့အနေနဲ့က တရုတ်ကိုလည်း မလွန်ဆန်နိုင်ဘူး။ သူ့ရဲ့ မြို့နယ်မှာရှိတဲ့ ပလောင် လူဦးရေနဲ့ ဒီတပ်ဖွဲ့တွေ အင်အားလုပ်ဖို့ဆိုတာ ပြောရလို့ရှိရင် တရုတ်ပြည်ဖက်ကနေပြီးတော့ အကူအညီ မပါဘဲနဲ့ မရပ်တည်နိုင်ဘူး။ အဲဒီတော့ သူက တရုတ်ကပြောတာလည်း မင်းတို့အတွက်ကို ရသင့်ရထိုက်တာ ငါတောင်းပြီး ပြီ၊ ဆက်မတိုက်နဲ့တော့ ပြောတာကိုး၊ သဘောကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက်ကို ဘာညာပေါ့၊ အခုရနေတဲ့ အရွယ်အစားထက်ပိုပြီးတော့ တရုတ်ကတောင်းဆိုပေးမယ်၊ အဲဒီလိုတောင်းဆိုပေးဖို့အတွက်ကိုတော့ မင်းကတော့ မြန်မာပြည်ပျက်စီးအောင် မလုပ်နဲ့လို့ တရုတ်က ပြောမှာပဲလေ၊ အခုတော့ နားထောင်မှာပါ” ဟု ပြောသည်။

တရုတ်၏ ကြားဝင်စေ့စပ်မှုအရ ရှမ်းမြောက်တွင် မြန်မာ့တပ်မတော်နှင့် ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့ အကြား အပစ်ရပ်ခဲ့သော်လည်း တိုက်ပွဲမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်ပိုင်းတွင် တကျော့ပြန် ဖြစ်ပွားခဲ့သည်။

ထို့နောက် တိုက်ပွဲများသည် ရှမ်းမြောက် အပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း စသည့် ဒေသများအထိပါ ဖြစ်ပွားခဲ့သည်။

လက်ရှိတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါတို့တွင် ဖြစ်ပွားလျက်ရှိနေသည်။