CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃

ရက္ခိုင့်တပ်တော်(ULA/AA) အနေဖြင့် လွတ်လပ်ရေးအထိ သွားနိုင်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်း က CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်သစ် (သို့) အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လူသား လုံခြုံရေးဆိုင်ရာ အခြေခံမူနှင့် အကြံပြုချက်များဆိုသည့် ခေါင်းစဉ်ဖြင့် ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ ညှိနှိုင်း ရေးဆွဲရေးအဖွဲ့ (ANPCC)က ‌ဆွေးနွေးရာတွင် ULA/AA ကို ဖိတ်ခေါ်ခဲ့သော်လည်း ULA/AA အနေဖြင့် တက်ရောက် ခြင်း မရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ မိုင်တိုင်အမှတ် ၄၀ စခန်းကို ULA/AA တိုက်ခိုက်မှု နစကထုတ်ပြန်ချက်

ဦးဖေသန်းက “ULA/AA အနေနဲ့တော့ အဲဒီလိုမဟုတ်ဘူး။ သူ့အနေနဲ့ အနည်းဆုံး ကွန်ဖက်ဒရိတ်အဆင့်လောက်ကို သူ့ဖက်က တောင်းထားတာ ရှိတယ်။ အဲဒါကြတော့ ဒီဖက်က လက်ခံနိုင်တဲ့ အခြေအနေမရှိဘူး။ ပြီးတော့ သူတို့နဲ့ ပေါင်းပြီးတော့ တကယ်တမ်း ဆွေးနွေးမယ် ဆိုရင်တောင်မှ ULA/AA အနေနဲ့ ပါတီတွေ၊ ALP တွေ သူတို့လိုပေါ့ နော်၊ ရောရောသောသော သူတို့ ဆွေး‌နွေးလို့ ဆွေးနွေးချင်ပုံ မရဘူး။ တကယ်တမ်း ဆွေးနွေးချင်ရင် သီးသန့် ဆွေး နွေးလို့ ရနိုင်တဲ့ အခွင့်အရေးတွေ လည်း ရှိတယ်။ သီးသန့်လည်း ဖိတ်ခေါ်ထားတာလည်း ရှိတယ်၊ ဒါကြောင့် အင်အား မရှိဘဲနဲ့ သွားပြီးတော့၊ ကိုယ့် မှာ ဘာမှ အင်အားမရှိဘဲ သွားပြီးတော့ တောင်းရတာဆိုတာက လက်ဖြန့် တောင်းရသလိုမျိုး ဖြစ်နေတာပေါ့။ ပြော ရ၊ ဆိုရ ဆွေးနွေးရတာဟာ သူတို့ပေးဖို့အတွက် ကိုယ့်ဖက်က လက်ဖြန့် တောင်းသလိုမျိုး ဖြစ်နေတယ်၊ ULA/AA ရဲ့ သဘောထားကတော့ ကိုယ့်အင်အားကို အပြတ်အသတ် တည်ဆောက် မယ်၊ ပြီးတော့မှ အင်အားအပေါ်မှာ မူတည် ပြီးတော့ သူတို့ ကိုယ်လိုချင်ရတာ ရအောင် ပုံဖော်မယ်ပေါ့။ အဲဒီ သဘောမျိုး ဖြစ်တဲ့အတွက်နဲ့ ဒါက သူတို့နဲ့ မဆွေးနွေးတာ သူတို့ဆွေးနွေးပွဲကို စိတ်မဝင်စားတာလည်း ဖြစ်နိုင် တယ်၊ ဖက်ဒရယ်ဆိုတာကတော့ ပြောနေကြ တာပဲလေ ဟိုကလည်း ဖက်ဒရယ်၊ ဒီကလည်း ဖက်ဒရယ်၊ ဒါပေမဲ့ ဘယ်လို ဖက်ဒရယ်မျိုး ဆိုတာလည်း ဘယ် ဘက်ကမှ မချပြဘူး။ ဒီဘက်ကလည်း ULA/AA ဘက်ကတော့ ပြော ပြီး သားလေ၊ သူတို့ကတော့ ကွန်ဖက်ဒရိတ် ဆိုပြီး ပြောပြီးသား။ ဆိုတော့ အဲဒီထက် အောက်ဈေးလို့ပဲ ပြောလို့ရ တယ်၊ အပေါ်ဈေးကတော့ လွတ်လပ်ရေးအထိ သွားနိုင်တယ်၊ ဒါကြောင့် သူတို့ ဒီဆွေးနွေးပွဲတွေကို စိတ်မဝင်စား တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

ANPCC ထုတ်ပြန်ချက်

ANPCC ၏ “လူသားလုံခြုံရေး အခြေခံမူများနှင့် အကြံပြုချက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ ကျင်းပခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ANPCC အဖွဲ့ဝင်များအား ကိုယ်စားပြု သော ရခိုင်တော်လှန်ရေးပါတီ (၂) ဖွဲ့ ရခိုင်ပြည်လွတ်‌မြောက်ရေးပါတီ (ALP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) အပါအဝင် ရခိုင်နိုင်ငံရေးပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင်ဦးဆောင်ပါတီ(AFP)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(ALD) နှင့် ဌာနေတိုင်းရင်းသားပါတီ ၃ ပါတီ၊ အရပ်ဖက် အဖွဲ့အစည်းများမှ တရားဝင် ကိုယ်စားလှယ် (၁၈) ဦး၊ တသီးပုဂ္ဂလိက ကိုယ်စားလှယ် (၃) ဦး၊ စုစုပေါင်း (၃၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ရခိုင်ပြည်နယ်အတွင်းရှိ အဖွဲ့အစည်းများအားလုံးကို ဖိတ်ကြားခဲ့ကြောင်း၊ တက်လာသည့် အဖွဲ့အစည်းများ ရှိသလို၊ မတက်လာသည့် အဖွဲ့အစည်းများလည်းရှိကြောင်း ANPCC မှ ညှိနှိုင်းရေးမှူး ဦးခင်မောင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့‌ ဆွေးနွေးပွဲထဲမှာ မပါတာ မဟုတ်ဘူး။ ကျ‌နော်တို့က အကုန်လုံးကို ဖိတ်ခဲ့ပါတယ်။ အကုန်လုံး ကျနော်တို့ ANPCC လုပ်ကတည်းက အကုန်လုံးပါပါတယ်၊ သူတို့ မအားလို့ မတက်ကြတာလားဆိုတဲ့ အခြေအနေ မှာ ဖြစ်ချင်ဖြစ်မှာပေါ့၊ ကျ‌နော်တို့ကတော့ ဒီအစည်းအဝေး စတင်ကတည်းက ရခိုင်အမျိုးသားအဆင့် ဆွေး‌နွေးပွဲ ကို စတင်ကတည်းကပေါ့နော် ANPCC စတင်ကတည်းက နိုင်ငံရေးပါတီ အကုန်လုံးပါတယ်၊ တော်လှန်ရေးပါတီ အားလုံးပါတယ်၊ အရပ်ဖက် အဖွဲ့အစည်း တော်တော်များများကို ကျနော်တို့ ဖိတ်ပါတယ်။ အမျိုးသမီးကဏ္ဍရော၊ မသန်စွမ်းတွေရော၊ အကုန်လုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာတွေရော ပြောမယ်ဆိုရင် အဖွဲ့အစည်းပေါင်းစုံ၊ သူကဏ္ဍနဲ့ သူ့လုပ်ငန်းမှာ အဖွဲ့အစည်းပေါင်းစုံ အကုန်လုံး ဖိတ်ခဲ့ပါတယ်။ အဲဒီတုန်းက မတက်တဲ့ အဖွဲ့အစည်း တွေလည်း ရှိတယ်၊ တက်လာတဲ့ အဖွဲ့အစည်းတွေလည်း ရှိတာပေါ့နော်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်ခုကိုတွေ့ရစဉ်

ULA/AA သွားချင်သည့် နိုင်ငံ‌ရေးလမ်းကြောင်းနှင့် အဆိုပါ အဖွဲ့အစည်းများ၏ နိုင်ငံရေး ချည်းကပ်ပုံ၊ ချည်းကပ် နည်း မတူကြောင်း၊ ULA/AA အနေဖြင့် မိမိတို့ အင်အားကို တည်ဆောက်ကာ မိမိရည်မှန်းချက်အတိုင်း လုပ်ဆောင် သွားမည်ဟု မြင်မိကြောင်း ဦးဖေသန်းက ပြောသည်။

ရှမ်းပြည်နယ်အတွင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းမျိုးကို ရလိုကြောင်း ULA/AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော် ပြောကြားထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ULA/AA သည် လူထုထောက်ခံမှု ပိုမိုရရှိနေပြီး မြန်မာ့တပ်မတော်နှင့်လည်း တိုက်ပွဲ များ ဖြစ်ပွားနေသည်။