CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈

ရက္ခိုင့်တပ်တော် (ULA/AA) ကို နမူနာယူပြီး ပြည်သူလူထု၏ ထိခိုက်နစ်နာမှုအတွက် ဆွေးနွေးအဖြေရှာသင့် ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် AA တို့သည် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုကို ထောက်ထား၍ နှစ်ဖက်အဖွဲ့အစည်းကြား နားလည်မှုယူ၍ တိုက်ပွဲများ ရပ်စဲကြောင်း သဘောတူညီမှု ယူခဲ့ကြသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်ထင်တာတော့ တိုက်ရိုက်ကြီးတော့ အချိုးမကျပါဘူး။ AA လို အင်အားနဲ့ သူ့ ပြည်နယ်အတွင်းမှာ ခြေကုတ်ယူထားပြီးတော့ ရှိနေတဲ့ အဖွဲ့တောင်မှ ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်း နိုင်အောင် ဆိုပြီးတော့ လူသားချင်း စာနာထောက်ထားတဲ့ အပစ်ရပ်ပေါ့ဗျာ၊ Humanitarian ceasefire (လူသား ချင်း စာနာမှုအတွက် အပစ်အခတ်ရပ်စဲ)ကို လုပ်တယ်ဆိုတော့ ကျန်တဲ့ ပြည်မဖက်မှာရှိတဲ့ အဖွဲ့တွေကလည်းပဲ၊ သူတို့အင်အား၊ သူတို့အခြေအနေ၊ သူတို့လူထုရဲ့ နစ်နာဆုံးရှုံးမှုတွေ ကြည့်ပြီးတော့ နမူနာ လိုက်ယူလို့ ရမယ်ဆိုလို့ ရှိရင်လည်း ယူသင့်တာပေါ့ဗျာ၊ ဥပမာဆိုရင် KNPP နယ်မြေတို့၊ ဥပမာ တပ်မဟာ(၆) KNU နယ်မြေတို့၊ အဲဒီမှာ ဖြစ် နေတဲ့ ဟာတွေလည်းပဲ ကြာသည်နှင့်အမျှ ဒေသခံလူထုက တော်တော် ထိခိုက်နစ်နာတာကိုး။ ဒါကြောင့် AA ရဲ့ နမူနာကို လိုက်ပြီး စဉ်းစားနိုင်ရင်တော့ တစ်ဖက်က အကျိုးရှိတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာကို တွေ့ရစဉ် (NAC-S EAO-fb)

မြန်မာ့တပ်မ‌တော်နှင့် AA တို့ အပစ်အခတ်ရပ်စဲ လိုက်သည့်အတွက် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသော ပြည်မဘက်ကို တပ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် သုံးသပ်မှုများလည်း ရှိနေသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ရခိုင်ပြည်နယ်အတွင်း ပို့ထားသည့် တပ်အင်အားများကို လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည့် ပြည်မဘက်သို့ အင်အားထပ်ဖြည့်လိုက်ပါက ပဋိပက္ခများ ပိုကြီးမားလာနိုင်သည်ဟု ပြောသည်။
ပြည်ထောင်စုနယ်မြေ ပဲ့မထွက်ရေး မြန်မာ့တပ်မတော်မှ ရခိုင်ပြည်နယ်ကို အာရုံစိုက်နေကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ တပ်အင်အား ပြောင်းရွှေ့နိုင်သော်လည်း ၂၀ ရာခိုင်နှုန်းလောက်သာ ပြောင်းရွှေ့နိုင်ကြောင်း ရခိုင်နိုင်ငံ ရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ စိုးရိမ်ရတာကတော့ ရခိုင်မှာ စစ်ပွဲတွေ ရပ်တန့်လိုက်တဲ့အခါမှာ ပြည်မဖက်မှာရှိတဲ့ EAO တွေ၊ PDF တွေကို အလုံးအရင်းနဲ့ ဒီက အားတွေယူပြီး တိုက်မလားပေါ့၊ အဲဒါက‌တော့ စိုးရိမ်ကြတာပေါ့၊ စိုးရိမ်တဲ့ အသံ တွေလည်း ထွက်လာကြတာပေါ့။ အရင်တုန်းက စစ်ပွဲတွေ ရပ်တန့်ထားတုန်းကလည်း အဲဖက်မှာ တိုက်ပွဲတွေ စပြီး တော့ သန္ဓေတည်စပေါ့၊ သန္ဓေတည်စဆိုတော့ ရွေးကောက်ပွဲ အလွန်ပေါ့၊ စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ အဲဒီတုန်းကလည်း ကျနော်တို့ ဒီဖက်မှာ ULA/AA နဲ့ တိုက်ပွဲ‌တွေ ရပ်စဲထားတဲ့ ကာလတွေ ဖြစ်ပါ တယ်၊ PDF တို့လည်း အဲဒီက စပြီးတော့ ဖွဲ့ပြီးတော့ တော်လှန်ခါစ ဖြစ်ပါတယ်၊ အဲဒီအချိန်မှာလည်း PDF တွေက တော်လှန်နိုင်ခဲ့ပါတယ်၊ တော်တော်ကို အင်နဲ့အားနဲ့ လုပ်နိုင်ခဲ့တယ်၊ ဒါကြောင့် ကျနော်ဖက်က မှတ်ချက် ပြုချင် တာကတော့ ဒီဖက်မှာ အင်အားကို ဟိုဖက်မှာ ထုတ်သုံးမယ်ဆိုပေမယ့်၊ အကုန်လုံး မသုံးနိုင်ဘူး။ အချို့တစ်ဝက်ပဲ သုံးနိုင်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ ဒီဖက်မှာ ULA/AA ကို စစ်ကောင်စီက တော်တော်ကို သတိထားတယ်ပေါ့ဗျာ၊ ဘာလို့လဲဆိုတော့ ULA/AA နဲ့ စစ်ကောင်စီကြားမှာ ဖြစ်နေတာက နယ်မြေလုဖို့ ဖြစ်တယ်၊ နယ်မြေကို လုနေတာ ဖြစ်တယ်၊ PDF နဲ့ စစ်ကောင်စီကြားမှာ NUG ကြားမှာ ဖြစ်နေတာကတော့ နိုင်ငံရေးအရ အာဏာကို လုနေတာ ဖြစ်တယ်” ဟု ပြောသည်။

နွေဦးတော်လှန်ရေး KNDF တပ်ဖွဲ့ကို တွေ့ရစဉ် (KNDF)

မြန်မာ့တပ်မတော် အနေဖြင့် ULA/AA ၏ တပ်စခန်းများကို မတိုက်ခိုက်သော်လည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အခွန်ပဏ္ဍာကိစ္စများနှင့် ပတ်သက်၍ နှောက်ယှက်မှု ဖြစ်လာပါက တိုက်ပွဲမှာ အချိန်မရွေး ပြန်ဖြစ် လာနိုင်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယား(ကရင်နီ) ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF)တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။