CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၆

နစက-၏ ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်မှုက နိုင်ငံရေး ရည်ရွယ်ချက်နှင့် ဟန်ပြ ဖိတ်ခေါ်မှု မဖြစ်ရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

နစက-ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီလ ၂၂ ရက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး အတွက် ဖိတ်ခေါ်ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းမှ တစ်ဆင့် မိန့်ခွန်းပြော၍ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကမ်းလှမ်းချက်မှာ ယေဘုယျဆန်သည့် ကမ်းလှမ်းချက်ဖြစ်ကာ နိုင်ငံရေးအရ နှစ်ဖက်အားပြိုင်၍ တိုင်းရင်းသား လက်နက်ကိုင်များကို စည်းရုံးနေသည့် ဟန်ပြဆွေးနွေးမှု မဖြစ်ရန် လိုသည်ဟု ဦးဖေသန်းက ပြောသည်။

ဦးဖေသန်းက “အရင်တုန်းကလို ပုံစံမျိုးတော့ ရတော့မှာ မဟုတ်ဘူး၊ တော်လှန်ရေးက တော်တော် ဇာတ်ရှိန်မြင့်လာပြီ၊ အဲဒီ တော့ ပေးနိုင်တဲ့ဟာကို သူတို့ဘက်က ချပြလိုက်မယ်ဆိုရင် တိုင်းရင်းသားတွေလည်း ဈေးညှိဖို့ လွယ်သွားတာပေါ့ဗျာ၊ အစ ကတည်းက နိဒါန်းတို့ မာတိကာတို့ သွားလုပ်နေလို့ကတော့ အချိန်တွေလည်း ကြာတယ်၊ ဖြစ်လည်းဖြစ်လာမှာ မဟုတ်ဘူး၊ နောက်ဆုံးတော့ ဘယ်လိုမြင်လာမလဲ၊ ငါတို့ကို အသုံးချတယ်၊ အဲဒီလို တိုင်းရင်းသားတွေက မြင်သွားလိမ့်မယ်၊ အဲဒီ သံသယ တွေကလည်း ရှိပြီးဖြစ်တယ်၊ ဆိုတော့ လက်တွေ့ကျကျ လုပ်ကြပါ၊ ဆွေးနွေးတာ ကောင်းတယ်၊ ဒါပေမယ့် အပျက် သဘော မျိုးနဲ့ တိုင်းရင်းသားတွေကို ငါတို့ ဘက်ပါအောင်၊ သူ့ဘက်ပါအောင် အဲဒီလို နိုင်ငံရေးကစားကွက်မျိုး လုပ်တာမဟုတ်ဘဲနဲ့ တကယ့် လက်တွေ့ကျကျ လုပ်မယ်ဆိုရင်တော့ တိတိကျကျ ကမ်းလှမ်းပြီးတော့ ဆွေးနွေးဖို့လိုတယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနှင့်လည်း ရက္ခိုင့်တပ်တော်(AA)ကို အလွတ်သဘော တွေ့ဆုံဆွေးနွေးလိုကြောင်း ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း လက်ရှိအချိန်ထိ တရားဝင် တွေ့ဆုံနိုင်ခြင်းတော့ မရှိသေးပေ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

လက်ရှိ နစက-၏ ငြိမ်းချမ်းရေး ကမ်းလှမ်းလာမှုအပေါ် တက်ရောက်မည် မတက်ရောက်မည်ကို ရက္ခိုင့်တပ်တော်(AA) အနေ နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့(FPNCC)၏ ဆုံးဖြတ်ချက်အတိုင်း ဆုံးဖြတ်သွားရန် ရှိသော်လည်း တောင်းဆိုချက်များမှာ တူညီနိုင်မည် မဟုတ်ကြောင်း ဦးဖေသန်းက ပြောသည်။

ဦးဖေသန်းက “ကျနော်ထင်ပါတယ် အစည်းအဝေး တက်၊မတက်ကတော့ မဟာမိတ်အဖွဲ့တွေနဲ့ ဆုံးဖြတ်မယ်လို့ ပြောတယ်၊ ဒါပေမယ့် တောင်းဆိုချက်ကတော့ တူနိုင်မှာ မဟုတ်ဘူး၊ မဟာမိတ်အဖွဲ့တွေနဲ့ တလေသံတည်းတော့ ဖြစ်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ကိုယ့်အခြေအနေနဲ့ ကိုယ်ပေါ့နော်၊ ဒါကတော့ ကိုယ့်ရပိုင်ခွင့် ကိုယ်တောင်းဆိုတဲ့ အခါမှာ မိမိဒေသရဲ့ ပထဝီနိုင်ငံရေးအပေါ်လည်း စကားပြောပါလိမ့်မယ်၊ နောက်ပြီးတော့ မိမိဒေသရဲ့ ပြည်သူလူထုထောက်ခံမှု၊ အဲဒါလည်း စကားပြောမှာပေါ့၊ မိမိအင်အားကလည်း စကားပြောမှာပေါ့၊ တောင်းဆိုချက်ကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူနိုင်ဘူး၊ ဒါပေမယ့် အစည်းအဝေး တက်မတက်ကတော့ အကုန်လုံး ညှိနှိုင်းပြီး ဆုံးဖြတ်မယ်လို့ ပြောထားတာ ဖြစ်ပါတယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ထားသည့်အတွက် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်များအား တွေ့ဆုံ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ပါကြောင်း၊ တွေ့ဆုံ ဆွေးနွေးမှုကို မိမိကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်မည့် လူပုဂ္ဂိုလ်များ အနေဖြင့် မေလ ၉ ရက်တွင် နောက် ဆုံးထား စာရင်းပေးပို့ စေလိုပါကြောင်း ဧပြီလ ၂၂ ရက်နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။