CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၆

UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ ရွေးချယ်မှုကို တစ်ပါတီလျှင် တစ်မဲစနစ်ဖြင့် ရွေးချယ်ရန် သတ်မှတ်ထားချက်အပေါ် နိုင်ငံရေးပါတီများ သဘောထားကွဲလွဲနေကြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ နိုင်ငံရေးပါတီများ အစုအဖွဲ့ ရွေးချယ်မှုကို ဧပြီ ၂၇ ရက် တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဦးရွှေမင်းက “ကျနော်တို့ လိုချင်တာတော့ ကြိုတင် စည်းကမ်းသတ်မှတ်ချက် မရှိဘဲနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေရှာပြီးတော့မှပဲ ဆောင်ရွက်ရင်တော့ ပိုသင့်တော်တာပေါ့ဗျာ၊ အဲလိုလေး မြင်တယ်ခင်ဗျ၊ သူတို့ကတော့ တစ်ပါတီကို တစ်မဲစနစ်နဲ့ ပြောနေတာတော့ ကြားပါတယ်၊ အကယ်၍ အဲဒါသာ သွားမယ်ဆိုရင် ကျနော်တို့ UPDJC Political party ပုံစံမသွားဘဲနဲ့ YP များ ဖြစ်သွားမလားပေါ့၊ YP ဆိုတာ ရန်ကုန်ပါတီပေါ့နော်၊ အဲပုံစံများ ဖြစ်သွားမလား၊ ပြီးရင် ကျနော်တို့ စဉ်းစားရမှာက လက်တွေ့ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခဖြစ်ပေါ်နေတဲ့ ဒေသတွေနဲ့ ပတ်သက်တဲ့ တကယ့်ကို လုပ်ဆောင်နိုင်တဲ့ ပုဂ္ဂိလ်တွေကို ပါဝင် ခိုင်းစေချင်တယ်၊ ဥပမာ ကျနော်တို့က ဟိုနေရာ၊ ဒီနေရာ ယူထားပြီးတော့ လက်တွေ့ ဆောင်ရွက်နိုင်မှုမှာ စွမ်းဆောင်နိုင်မှုမှာ အားနည်းတယ်ဆိုရင် ကျနော်တို့ အဲ impact ကို ဖြစ်ပေါ်လာမှာ မဟုတ်ဘူး”ဟု ပြောသည်။

ထို့နောက် မဲစနစ်ဖြင့် ရွေးချယ်မှုသည် လူဦးရေများသည့် လူမျိုးများနှင့် ပါတီများ၏ မဟာမိတ်များက အနိုင်ရရှိသွားနိုင်ပြီး လူမျိုးစု ပါတီများအတွက် အခက်အခဲဖြစ်နိုင်သည်ဟု ၎င်းက ပြောသည်။

ဦးရွှေမင်းက “အခု မဲစနစ်နဲ့ကြတော့ လူဦးရေများတဲ့ လူမျိုးတွေ၊ ပါတီတွေက ခုနပြောသလိုပေါ့၊ မဟာမိတ်တွေကပဲ အနိုင် ရရှိသွားမယ်၊ ကျနော်တို့က ပါဝင်နိုင်ခြင်းမရှိတဲ့အတွက် ပြောနေတာ မဟုတ်ပါဘူး၊ ပါဝင်နိုင်ခြင်း ရှိ၊မရှိက အရေးမကြီးဘူး၊ ပါဝင်မှုက အရေးမကြီးဘူး၊ လုပ်ဆောင်နိုင်မှုက အရေးကြီးတယ်၊ အဲတော့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ စစ်ရေး ပဋိပက္ခကို လျော့ချနိုင်ဖို့အတွက် အဲဒီတိုင်းရင်းသားဒေသတွေ လက်နက်ကိုင် EAO တွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပြီးတော့ ကျနော်တို့ ကြားခံသဘော၊ အပြုသဘော ဆောင်ရွက်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်လာဖို့ အရေးကြီးတယ်လို့ ကျနော် ဒီအတိုင်း သုံးသပ်တယ်”ဟု ပြောသည်။

အဆိုပါ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ ရွေးချယ်မှုကို နိုင်ငံရေးပါတီ ၉၂ ပါတီအနက် ပါတီ ၄၀ ကျော်မှ ကိုယ်စားလှယ် များ တက်ကြမည် ဖြစ်ကြောင်း သိရသည်။

UPDJC နိုင်ငံရေးပါတီ ရွေးချယ်ပွဲတစ်ခုကို ၂၀၁၅ ခုနှစ်က ကျင်းပနေစဉ်

မြန်မာနိုင်ငံတွင် မျှတမှုမရှိသည့် အလွှမ်းမိုးခံ နိုင်ငံရေးကြောင့်၊ လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်ခဲ့ကြောင်း၊ လက်ရှိ UPDJC ရွေးချယ်မှုကို ညီမျှမှုရှိရန် ဖြစ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP)မှ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

၎င်းက “ညီမျှမှုရှိအောင်တော့ တန်းတူရည်တူနဲ့ စေတနာကို ထင်ဟပ်ပေါ်လွင်တဲ့ ရွေးချယ်တင်မြောက်မှုကတော့ ဖြစ်သင့် တာပေါ့ ခင်ဗျား၊ အဲဒါကိုလည်း ကျနော်တို့ ညီကို တိုင်းရင်းသားပါတီတွေ အနေနဲ့ကတော့ ဒီကိစ္စကို ကြိုပြီးတော့ မြင်ရမယ်၊ ကြည့်ကြမယ်၊ အဲဒါကြောင့်လည်း ကြိုတင်ပြီးတော့ ပြင်ဆင်လိမ့်မယ်လို့ လေးလေးနက်နက် ကျနော် ယူဆပါတယ်၊ အဲဒါ ကြောင့် အကောင်းဆုံးတစ်ခုတော့ ဖြစ်အောင်တော့ ကြိုးစားကြမှာပဲ အဲဒီတော့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားအတွက် မြန်မာ နိုင်ငံသူ၊ နိုင်ငံသား အားလုံးရဲ့ အကျိုးစီးပွားနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ ပျောက်ကွယ် မသွားဖို့အတွက် အလွှမ်းမိုး မခံရဖို့ အတွက်ကတော့ ရိုးရိုးသားသားနဲ့ စေတနာရှေ့ထားပြီး လုပ်ကြလိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ် ခင်ဗျ၊ မဟုတ်ရင်ကတော့ တော်တော်ကို အခြေအနေဆိုးတဲ့ နိုင်ငံရေး အကျပ်အတည်းတစ်ခု ပေါ်ပေါက်လိမ့်မယ်လို့ ယူဆ ပါတယ်”ဟု ပြောသည်။

UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၂ ပါတီထဲကနေ အမြဲတမ်းကော်မတီ ဝင် ၁၆ ဦးနှင့် အရန်ကော်မတီဝင် ၁၆ ဦးကို ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ ပြန်လည်ရွေးချယ်ပွဲ မဲခွဲရွေးချယ်မှုကို ကန့်သတ်ချက်ဖြင့် မလုပ်သင့်ကြောင်း၊ တိုင်းရင်းသား ပါတီနှင့် အင်အားကြီးပါတီများ အချိုးကျပါဝင်မှုကို ညှိနှိုင်းသင့်ကြောင်း မွန်ညီညွတ်ရေးပါတီ(MUP)မှ ဒုဥက္ကဋ္ဌ (၂) နိုင်တလညီ က ပြောကြားခဲ့သည်။

လက်ရှိ ယာယီဖွဲ့စည်းထားသည့် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့

လက်ရှိ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ပြည်သူများ စိတ်ဝင်စားမှု မရှိကြောင်း၊ သံတမန် အသိုင်းအဝိုင်းမှလည်း စိတ်ဝင်စားမှု မရှိသလိုဖြစ်နေကြောင်း ပြည်သူ့ပါတီ(PP)မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

ဦးကိုကိုကြီးက “အဲဒီ UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့က (၁)အချက် အများပြည်သူရဲ့ ယုံကြည်မျှော်လင့်မှု တည်ဆောက်နိုင် ရမယ်၊ နောက်တစ်ခုကတော့ ကျနော်တို့က တစ်နိုင်ငံတည်း နေလို့မရဘူး၊ အခုဆိုရင် အာဆီယံ အထူးကိုယ်စားလှယ်၊ ကုလ သမဂ္ဂ အထူးကိုယ်စားလှယ်၊ EU၊ တရုတ်၊ ဂျပန် အစရှိသဖြင့် အထူးကိုယ်စားလှယ်တွေရှိတယ်၊ ကျနော်တို့ အာဆီယံ သူတို့ တွေရဲ့ ယုံကြည်မျှော်လင့်မှု ဖြစ်လာဖို့လိုတယ်၊ ဒါကြောင့်မို့လို့ ဒီ UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ ရွေးချယ်တဲ့ နေရာမှာ လက်ရှိ ဒီလောက် ခက်ခဲပင်ပန်းနေတဲ့၊ အကျပ်အတည်းဖြစ်နေတဲ့ ကာလမှာ အဖြေထုတ်နိုင်မယ့် မျှော်လင့်ချက် ဖြစ်လာဖို့လိုမယ်၊ အဲဒီ UPDJC ရဲ့ နိုင်ငံရေး ဥပတိရုပ် တိုးတက်လာဖို့ လိုတယ်၊ ဒါကြောင့်မို့လို့ ရွေးချယ်တင်မြောက်ပွဲမှာ အခုနိုင်ငံရေးပါတီတွေ လာကြမယ်၊ ရွေးချယ်ကြမယ် ဆိုတဲ့အခါမှာ ကျနော်ကတော့ ဖြစ်စေချင်တာ ဘယ်သူ၊ ဘယ်ဝါလို့ ကျနော်မပြောဘူး၊ ဒီ UPDJC ကနေပြီးတော့ နိုင်ငံရေးပြဿနာကို၊ လက်ရှိ အကျပ်အတည်းကို ကျော်လွှားနိုင်မယ့် အများပြည်သူ ယုံကြည် မျှော် လင့်မယ့်၊ နိုင်ငံတကာက ယုံကြည်မျှော်လင့်မယ့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ပါလာမှ UPDJC ရဲ့ နိုင်ငံရေး ဥပတိရုပ်တက်လာ မယ်လို့ ကျနော်က မြင်တယ်” ဟု ပြောသည်။

UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရန် NCA စာချုပ်တွင် ပြဋ္ဌာန်းထား သည်။

လက်ရှိတွင် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက ယာယီ ၄ လတာ ကာလအနေဖြင့် ဖွဲ့စည်းခဲ့ရာ မတ်လက ပြည့်သွားသည့်အတွက် နောက်ထပ် ၂ လသက်တမ်းတိုးပေးထားကြောင်း၊ ထို့နောက် ဧပြီ ၂၇ ရက်တွင် စုဖွဲ့မှု အသစ်ကို ပြန်လည်ရွေးချယ်ကြမည်ဖြစ်သည်။