CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ၏ ယန္တရားမှာ ပျက်နေသလို ဖြစ်နေကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

UPDJC ဆိုသည့် အသုံးအနှုန်းကို နစက ကိုယ်တိုင်လည်း မသုံးသလို လက်ရှိ အခြေအနေမှာ UPDJC ယန္တရား ပေါ်မလာကြောင်း ၎င်းက ပြောသည်။

ဦးကိုကိုကြီးက “အခုဟာက UPDJC အသုံးအနှုန်းကို နစက ကိုယ်၌ကိုက မသုံးဘူး။ ဘာကြောင့်လဲဆိုတော့ UPDJC ဆိုတာက အစိုးရ၊ တပ်၊ လွှတ်‌တော်က တစ်စု၊ NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်များက တစ်စု၊ နိုင်ငံရေးပါတီများက တစ်စုဆိုပြီးတော့ ၃ စုပေါင်းမှ UPDJC လို့ ကျနော်တို့က သတ်မှတ်လို့ ရတာဖြစ်တဲ့ အတွက်ကြောင့် အခုအခြေအနေမှာ UPDJC ဆိုတဲ့ ယန္တရားကိုယ်၌က ပေါ်မလာဘူး။ ပျက်သလိုဖြစ်နေတယ်၊ အဲဒါကြောင့်မို့လို့ ကျနော်တို့ ဒါ UPDJC ဆိုတာကို နစက-ကလည်း မသုံးဘူးဆိုတာ ကျ‌နော်က သတိထားမိတယ်” ဟု ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည် ဦးဆောင်သည့် NSPNC ကိုတွေ့ရစဉ်

UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အမျိုးသား စည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်ရေးကော်မတီ(NSPNC)တို့ မတ်လ ၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက်က UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ပြန်လည်ရွေးချယ်ခဲ့သည်။

UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့အနေဖြင့် လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်နေကြောင်း၊ NSPNC နှင့် တစ်လတွင် တစ်ကြိမ် တွေ့ဆုံဆွေးနွေးနေကြောင်း UPDJC နိုင်ငံ‌ရေးပါတီများ အစုအဖွဲ့မှ အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်ချိုချိုကျော်ငြိမ်းက “နစက-က တာဝန်ယူပြီး လုပ်ပေးတဲ့အတွက် ဒီရွေးကောက်ပွဲဟာ တရားမျှတတယ်လို့ လက်ခံပြီးတော့ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းပဲ၊ အတွင်းရေးမှူးကလည်း အန်တီပဲ ပြန်ဖြစ်ပါတယ်။ ဆိုတော့ သားပြော တာ မှားတယ်၊ သားတို့ ကြားတာတွေက မဟုတ်ပါဘူး။ အမြဲတမ်းပဲ သူတို့ (နစက) နဲ့လည်း တွေ့နေပါတယ်။ သူတို့ကလည်း အန်တီတို့ဆီက အကြံဥာဏ်တွေ ယူနေပါတယ်” ဟု ပြောသည်။

NSPNC နှင့် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ တွေ့ဆုံ ဆွေးနွေးစဉ်

UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ စိုင်းအိုက်ပေါင်းက တာဝန်ယူထားပြီး အတွင်းရေးမှူးအဖြစ် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်ချိုချိုကျော်ငြိမ်းက တာဝန်ယူထားကြောင်း၊ တခြားသော ကိုယ်စားလှယ်များကတော့ အဖွဲ့ဝင်များအဖြစ် တာဝန်ယူထားကြောင်း သိရ သည်။

UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရ မည်ဖြစ်ကြောင်း သိရသည်။

သို့သော် လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရ-တပ်မတော်-လွှတ်တော်ဘက်မှ ကိုယ်စားလှယ် များ ဖွဲ့စည်း ထားခြင်း မရှိသေးသလို နိုင်ငံရေးပါတီများဘက်ကလည်း ယခု UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ သည် နိုင်ငံရေးပါတီများ အားလုံးကို ကိုယ်စားပြုမှု ရှိ/မရှိ အငြင်းပွားနေသည်။