CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၉

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသည့် အချက် ၉ ချက်အား UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့မှ အဆိုပြု၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)တို့ ယနေ့ (မေလ ၂၉ ရက်) တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ယနေ့ (မေလ ၂၉ ရက်) နံနက်ပိုင်းက နေပြည်တော်မှာ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှု ပူးတွဲကော်မတီ (UPDJC)၏ နိုင်ငံရေးပါတီ အစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကို ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်က တွေ့ရစဉ်

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် ဆွစ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ်စနစ်အပေါ် လေ့လာတွေ့ရှိချက်များအား ညှိနှိုင်းရေး ကော်မတီ(နစက)မှ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြင်ဆင်လိုသည့် အချက် ၉ ချက်အား အဆိုပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် နစက၏ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်များနှင့်ပတ်သက်၍ လည်းကောင်း၊ အစိတ်အပိုင်း (၃)မှ ဆက်လက် ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန် အချက်များနှင့်ပတ်သက်၍ လည်းကောင်း၊ NSPNC မှ လေ့လာဆန်းစစ် ဖော်ထုတ် စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

NSPNC ကိုယ်စားလှယ်အဖွဲ့ကို ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်က တွေ့ရစဉ်

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃)ဆိုသည်မှာ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကနေ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ၂၀၂၀ ခုနှစ်၊ သြဂုတ်လက ကျင်းပခဲ့သည် စတုတ္ထအကြိမ် အစည်းအဝေး အတွင်း ရရှိခဲ့သော သဘောတူညီချက်များ ဖြစ်သည်။