CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၉

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ် မတော် (UWSA)ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ယနေ့ (မေလ ၂၉ ရက်) နံနက်က နေပြည် တော်သို့ ရောက်ရှိလာကြောင်း သိရသည်။

UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မေလ ၃၀ ရက် တွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း၊ ထို့နောက် မေလ ၃၁ ရက်နေ့တွင်  နစက အဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ဆက်လက် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ခဲ့သလို EAO ခေါင်းဆောင်များကို မိမိ ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ဧပြီ ၂၂ ရက်က မိန့်ခွန်း ပြော၍ ဖိတ်ခေါ် ကမ်းလှမ်းခဲ့သည်။

UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကု ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်က နေပြည်တော်ရောက်စဉ်

ထို့နောက် မေလ ၂၀ ရက်တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် လည်းကောင်း၊ မေလ ၂၃ ရက်တွင် မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်လည်းကောင်း၊ မေလ ၂၆ ရက် တွင် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ဥက္ကဋ္ဌ စောထော့လေးနှင့် လည်းကောင်း စသဖြင့် တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့လည်း တက်ရောက်ကြမည် ဖြစ်သည်။