CNI News

၂၀၂၂ ခုနှစ်၊ မေလ ၃၀

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ၍ ပြည်ထောင်စု တည်ဆောက်ရေး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှင်းပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တို့ ယနေ့ (မေလ ၃၀ ရက်) နံနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ဆွေးနွေး ခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းမှု ရှိမှသာလျင် ဒေသတည်ဆောက်ရေး တိုင်းပြည်တည်ဆောက် ရေးကို ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် တိုင်းပြည်၏ လိုအပ်ချက်၊ ဒေသခံ တိုင်းရင်း သားတို့၏ လိုအပ်ချက်များနှင့် မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးမှစ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစား လုပ်ဆောင်သွားရန် လိုအပ်သည့် အခြေအနေများ၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို ပူးပေါင်းဆောင်ရွက်ပြီး ဒေသခံများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်မှသာလျင် ဒေသဖွံ့ဖြိုးတိုး တက်ရေးကို ပိုမို အထောက်အကူ ဖြစ်စေနိုင်မည့် အခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန် ခဲ့သည်။

၎င်းက “ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်”ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက် UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကုနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဉ်

ထို့နောက် UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကုက ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့်ပတ်သက်၍ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP ) မှ သဘောတူညီကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ပြန်လည် ဆွေးနွေးခဲ့သည်ဟု သိရသည်။

မေလ ၃၁ ရက်နေ့တွင် နစကမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များ ပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)မှ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်တို့နှင့် UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကုတို့ ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။

လက်ရှိတွင် နစကသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) မှ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် လည်း ကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်လည်းကောင်း၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေး နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။