CNI International News

အစ္စတန်ဘူလ်၊ မေ ၃၀

ဖင်လန်နှင့်ဆွီဒင်တို့ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)ထဲသို့ ဝင်ရောက်ခြင်းနှင့်စပ်လျဉ်း၍ မျှော်လင့် ထားသည့်အဆင့်သို့ မရောက်ခဲ့ကြောင်း တူရကီသမ္မတ တေယစ်အာဒိုဂန်က ပြောကြားခဲ့သည်။ အင်ကာရာ (တူရကီ)သည် အကြမ်းဖက်ဝါဒကို ထောက်ခံသည့်နိုင်ငံများအတွက် ခေါင်းမညိတ်နိုင်ကြောင်း မေလ ၂၉ ရက်နေ့ အစိုးရပိုင် TRT Haber ရုပ်သံလိုင်း၏ ထုတ်လွှင့်မှုတွင် ကြေညာခဲ့သည်။

အနောက်အုပ်စုမဟာမိတ်အဖွဲ့ဖြစ်သည့် နေတိုးထဲသို့ ဆွီဒင်နှင့်ဖင်လန်တို့ ပူးပေါင်းဝင်ရောက်မည့်ကိစ္စကို တူရကီက ကန့်ကွက်ခဲ့သော်လည်း နေတိုးအဖွဲ့ကမူ ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက်ပိုင်း သမိုင်းဝင် ချဲ့ထွင်မှုကို ခွင့်ပြုမည့်သဘောတူညီချက် ကိုင်စွဲထားခဲ့သည်။

အာဒိုဂန်(တူရကီ)ထံမှ နောက်ဆုံးထွက်ပေါ်လာသော သဘောထားမှတ်ချက်များသည် ၎င်း၏အတိုက်အခံ ရပ်တည်ချက်ကို ဖော်ပြနေခဲ့သည်။
“တေယစ်အာဒိုဂန်ဆိုတဲ့ ကျနော်ဟာ တူရကီသမ္မတနိုင်ငံရဲ့ အကြီးအကဲအဖြစ် ရှိနေသမျှကာလပတ်လုံး နေတိုးထဲကို ဝင်ရောက်မယ့် အကြမ်းဖက်ဝါဒကို ပံ့ပိုးကူညီတဲ့နိုင်ငံတွေကို “ဟုတ်ကဲ့” ဆိုပြီး အတိအကျ မပြောနိုင်ဘူး” ဟု မေလ ၂၈ ရက်၌ အဇာဘိုင်ဂျန်နိုင်ငံမှ ပြန်လာစဉ် သတင်းထောက်များကို အာဒိုဂန်က ပြောကြားခဲ့သည်။

ဖင်လန်နှင့် ဆွီဒင်ကိုယ်စားလှယ်အဖွဲ့များနှင့် မေလ ၂၅ ရက် ဆွေးနွေးချက်များသည် အနည်းငယ်သာ လမ်း ကြောင်းလွဲခဲ့ပြီး နောက်ထပ်ဆွေးနွေးမည့်အစီအစဉ်ကို မည်သည့်အချိန်တွင် ဆက်လက်ပြုလုပ်မည်ကို မသိရ သေးကြောင်း သတင်းရင်းမြစ်နှစ်ခုက ရိုက်တာသို့ ပြောကြားခဲ့ခြင်းအား သတင်းဖော်ပြပြီးဖြစ်သည်။ နေတိုး ချဲ့ထွင်ရေးအစီအစဉ်များကို အဖွဲ့ဝင်နိုင်ငံပေါင်း ၃၀ စလုံးက အတည်ပြုပေးရမည်ဖြစ်သည်။

တူရကီသမ္မတ တေယစ်အာဒိုဂန်(ဓါတ်ပုံ-အေပီ)

ကာဒစ္စတန်အလုပ်သမားပါတီ (PKK) စစ်သွေးကြွအုပ်စုနှင့် အခြားအကြမ်းဖက်သမားဟု ယူဆရသူများ ဆွီဒင်နှင့် ဖင်လန်တို့က ပံ့ပိုးခဲ့ခြင်းအပေါ် တူရကီက စိန်ခေါ်ခဲ့သည်။ အကြောင်းမှာ အဆိုပါနှစ်နိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် အန်ကာရာထံသို့ လက်နက်တင်ပို့မှုကို ရပ်တန့်ခဲ့၍ ဖြစ်သည်။


“သူတို့က ရိုးရိုးသားသားမဟုတ်ပါဘူး။ လုံခြုံရေးအဖွဲ့အစည်းဖြစ်တဲ့ နေတိုးမှာ ဒီလိုအကြမ်းဖက်သမားတွေကို လက်ခံကျွေးမွေးနေတဲ့နိုင်ငံတွေနဲ့ ပတ်သက်လို့ အရင်တုန်းက လုပ်ခဲ့ဖူးတဲ့အမှားမျိုး ထပ်ခါ ထပ်ခါ လုပ်မိမယ်လို့ အာမမခံနိုင်ပါဘူး” ဟု အာဒိုဂန်က ပြောကြားခဲ့သည်။

ဆွီဒင်နှင့်ဖင်လန်တို့ကတော့ အကြမ်းဖက်ဝါဒကို ရှုတ်ချကြပြီး အန်ကာရာနှင့် ညှိနှိုင်းဆောင်ရွက်နိုင်မည့် အလား အလာကို ကြိုဆိုပါကြောင်း ပြောကြားခဲ့ကြသည်။

“သံတမန်ရေးအရ ကြိုးစားလုပ်ဆောင်နေပါတယ်။ အခုလောလောဆယ် နောက်ထပ်မှတ်ချက်ပေးဖို့ ငြင်းလို ပါတယ်” ဟု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး အန်းလင်ဒီက အာဒိုဂန်၏နောက်ဆုံး သဘောထားမှတ်ချက် ကြေညာ အပြီးတွင် ရိုက်တာသို့ ပေးပို့သော အီးမေးလ်တွင် ပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်းကို တတ်နိုင်သမျှ အဆုံးသတ်ရန် မိမိလိုလားနေသော်လည်း အခြေအနေမှာ တစ်နေ့တခြား ပိုမိုဆိုးရွားလာနေကြောင်း အာဒိုဂန်က ပြောကြားခဲ့သည်။

“မေလ ၃၀ ရက်ကျရင် ရုရှားနဲ့ ယူကရိန်းတို့ဆီ ကျနော် ဖုန်းခေါ်မှာပါ။ တွေ့ဆုံဆွေးနွေးရေးနဲ့ သံခင်းတမန်ခင်း လမ်းကြောင်းတွေ လည်ပတ်ဖို့ အစိတ်အပိုင်းအသီးသီးကို ဆက်ပြီး တိုက်တွန်းသွားမယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

Source: Reuters