CNI International News

ဘာလင်၊ ဇူလိုင် ၂

ဂျာမနီအခြေစိုက် အများပြည်သူဆိုင်ရာ ရုပ်သံလွှင့်ဌာန (Deutche Welle-DW) ၏ ဝက်ဘ်ဆိုက်များကို လုပ်ငန်း လိုင်စင်ကိစ္စနှင့်စပ်လျဉ်း၍ တူရကီနိုင်ငံ၊ ရေဒီယိုနှင့်ရုပ်သံလိုင်းဆိုင်ရာအာဏာပိုင်ကောင်စီ (RTUK) က ပိတ်ပင် တားဆီးလိုက်ကြောင်း DW သတင်းအရ သိရသည်။

အလားတူ တစ်ချိန်တည်းမှာပင် တူရကီ ပိတ်ပင်လိုက်သော အခြားဝက်ဘ်ဆိုက်မှာ အမေရိကန်အသံ (VOA) ဝက်ဘ်ဆိုက်ဖြစ်ပြီး DW နှင့် VOA ဝက်ဘ်ဆိုက်နှစ်ခုစလုံး၏ ထုတ်လွှင့်နေကျ ဘာသာစကားအစီအစဉ် အားလုံးကို တူရကီပြည်တွင်း၌ ဇွန်လ ၃၀ ရက် နှောင်းပိုင်းမှစ၍ ဝင်ရောက်ကြည့်ရှုနိုင်ခြင်း မရှိတော့ပေ။

DW သည် တူရကီအပါအဝင် ဘာသာစကား ၃၂ မျိုးဖြင့် သတင်းများ တင်ဆက်လျက်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ တူရကီ၏ မီဒီယာစောင့်ကြည့်ရေးအဖွဲ့သည် DW နှင့် နိုင်ငံတကာမီဒီယာများ၏ ဝက်ဘ်ဆိုက်များကို ၂၀၁၉ ခုနှစ် ၎င်းပြည်တွင်းဥပဒေနှင့်အညီ ထုတ်လွှင့်ပြသခွင့်လျှောက်ထားရန်(သို့မဟုတ်) လျှောက်ထားခြင်းမရှိလျှင် ပိတ်ပင်သွားရန် ညွှန်ကြားခဲ့သည်။

“အယ်ဒီတာ့အာဘော်ဆိုင်ရာအကြောင်းအရာများကို ဆင်ဆာတည်းဖြတ်ရန် ခွင့်ပြုမှသာ လိုင်စင်ထုတ်ပေးမည်ဟု တူရကီအစိုးရဘက်မှ ပြောကြားလာသဖြင့် မလိုက်နာနိုင်ကြောင်း” DW သတင်းဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

 

“ကျနော်တို့က သူတို့ဆီကို ပေးစာတစ်စောင် အကျယ်တဝင့်ရေးပြီး ပြန်ပို့ခဲ့ပါတယ်။ အဲဒီစာထဲမှာ မီဒီယာ ထိန်းချုပ်မှုအာဏာပိုင်ဥက္ကဋ္ဌနဲ့ ပုဂ္ဂိုလ်ရေးအရ စကားပြောဆိုနိုင်တာတောင် DW ကို ဘာကြောင့် လိုင်စင်ထုတ် မပေးနိုင်တာလဲဆိုပြီး မေးထားပါတယ်။ ဥပမာတစ်ခု ပြောပြမယ်ဗျာ … လိုင်စင်ရမီဒီယာကို RTUK ဆီကနေ မသင့်တော်ဘူးလို့ ပြောတဲ့အွန်လိုင်းပေါ်က အကြောင်းအရာတစ်ခုကို လာပြရင် ဖျက်ပေးရမယ်တဲ့။ ဒါမျိုးကို အမှီအခိုကင်းကင်းနဲ့ ရုပ်သံထုတ်လွှင့်နေတဲ့လုပ်ငန်းတစ်ခုအနေနဲ့ လုံးဝလက်မခံနိုင်ပါဘူး” ဟု DW ၏ ညွှန်ကြားရေးမှူးချုပ် ပီတာလန်ဘိုက ပြောကြားခဲ့သည်။

DW သတင်းဌာနသည် ယခုပိတ်ပင်အရေးယူမှုခံရခြင်းအား ဥပဒေအတိုင်း တုံ့ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဂျာမနီသတင်းဌာနတစ်ခုဖြစ်သည့် DW ကို ပိတ်ပင်ရန် တူရကီ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ “ဂျာမနီအစိုးရ အနေဖြင့် ဝမ်းနည်းစွာ မှတ်တမ်းတင်ပါကြောင်း” အစိုးရပြောရေးဆိုခွင့်ရှိသူ စတက်ဖန်ဟီဘတ်စရိတ်က ဇူလိုင် ၁ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“တူရကီမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စာနယ်ဇင်းမီဒီယာတွေအခြေအနေအပေါ်မှာ ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုက ဆက်ရှိနေမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ယခုကဲ့သို့ မီဒီယာပိတ်ပင်တားဆီးခြင်းသည် တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်အစိုးရ၏ သတင်း လွတ်လပ်ခွင့် စနစ်တကျချိုးနှိမ်ခြင်းအတွက် နိမ့်ကျသော အမှတ်အသားတစ်ခုဖြစ်ကြောင်း ဂျာမနီပြည်တွင်း အတိုက်အခံ ခရစ်ယာန်ဒီမိုကရက်အုပ်စုမှ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဂျာဂန်ဟက်ဒ်က မှတ်ချက်ချခဲ့သည်။

Source: DW