CNI International News

မော်စကို၊ ဇွန်လ ၆

ယူကရိန်းကို အမေရိကန်အနေဖြင့် တာဝေးပစ်ဒုံးကျည်များ ဆက်လက် ပေးပို့နေမည်ဆိုလျှင် ပစ်မှတ်အသစ်များကို ရုရှားဘက်မှ တိုက်ခိုက်မည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန်လ ၅ ရက်တွင် သတိပေးလိုက်ကြောင်း စီအင်န်အင်န်က သတင်းဖော်ပြသည်။

ကိယက်ဗ်(ယူကရိန်း)အစိုးရသို့ လက်နက်အသစ်များ ဆက်လက် ပေးပို့နေခြင်းသည် လက်နက်ကိုင်ပဋိပက္ခကို တတ်နိုင်သမျှ ကြာရှည်အောင် အချိန်ဆွဲနေခြင်းဖြစ်ကြောင်း Rossiya-1 ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် ပူတင်က ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသားသည်။

ထိုအင်တာဗျူးတွင် အမေရိကန်၏ ထောက်ပံ့ရေး အခြေအနေနှင့်ပတ်သက်၍ ပူတင်က “တကယ်လို့ သူတို့က အဲဒါတွေ ဆက်ထောက်ပံ့နေဦးမယ်ဆိုရင် ကျနော်တို့ကလည်း သင့်တော်သလို ကောက်ချက်ဆွဲပြီး ကိုယ့်လက်နက် ကိုယ်ထုတ်သုံးမှာ ပေါ့ဗျ။ အဲဒီလို ထုတ်သုံးရင်တော့ ကျနော်တို့အရင်က ပစ်မှတ်မထားတဲ့ အဆောက်အဦတွေကို တိုက်ဖို့ လက်နက်တွေ အလုံ အလောက်ရှိပါတယ်” ဟု မှတ်ချက်ချခဲ့သည်။

လတ်တလော အမေရိကန်က ယူကရိန်းသို့ MLRS ဒုံးကျည်စနစ် ပေးပို့ခြင်းအပေါ် ၎င်းက ထိုသို့ မှတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းက အဆောက်အအုံများ တိုက်ခိုက်ခံရ

ယူကရိန်းနိုင်ငံသို့ အမေရိလုပ် MLRS ထောက်ပံ့ရေးသည် အခြေခံအားဖြင့် တစ်စုံတစ်ရာ အပြောင်းအလဲ မတွေ့ရသေးပေ။

ရုရှားစစ်ရေး မြှင့်တင်လာချိန်နှင့်အတူ အမေရိကန်က ယူကရိန်းကို ပိုမိုအဆင့်မြင့်သည့် ဒုံးကျည်များ ပံ့ပိုးနေကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က မေလ ၃၁ ရက်၌ ပြောကြားခဲ့ပြီး ဖြစ်သည်။

“သူတို့ ပို့တာတွေက အသစ်အဆန်း မဟုတ်ပါဘူးဗျာ။ အားလုံးက ဘက်စုံသုံး ဒုံးကျည်လွှတ်တဲ့ စနစ်တွေပါ။ ယူကရိန်းတပ် ထဲမှာ အလားတူ ဆိုဗီယက်ခေတ်နဲ့ ရုရှားလုပ် Grad၊ Smerch နဲ့ Uragan တွေ သုံးနေတာပဲလေ” ဟု ပူတင်က သတင်း ထောက် ပါဗယ်ဇာရူဘင် (Pavel Zarubin) ၏ မေးခွန်းကို တုံ့ပြန်ခဲ့သည်။

တိုက်ခိုက်လိုသည့် အကွာအဝေးသည် ဒုံးကျည်ပစ်လွှတ်သည့် စနစ်အပေါ်တွင် သာမက သုံးစွဲသည့် ဒုံးကျည်အပေါ်တွင်လည်း မူတည်ကြောင်း ပူတင်က ထောက်ပြခဲ့သည်။

“အခုကြားနေရတာနဲ့ ကျနော်တို့ နားလည်ထားတာက အဲဒီဒုံးကျည်တွေက ၄၅ ကီလိုမီတာကနေ ကီလိုမီတာ ၇၀ လောက် အထိ ပြေးနိုင်တယ်။ ကျနော် ခုနကပြောတဲ့ Grad တို့ Uragan တို့ Smerch တို့လိုပဲဗျ။ ဒီလောက် အကွာအဝေးကတော့ ဘာမှ အသစ်အဆန်း မဟုတ်ဘူးလေ” ဟု ၎င်းက ပြောကြားခဲ့သည်။

စစ်ပွဲအစတွင် ယူကရိန်းထံ၌ ဒုံးကျည်စနစ် ၅၁၅ ခု ပါဝင်ခဲ့ရာ ၃၈၀ ကို မိမိတို့တပ်များက ရှင်းလင်း ဖယ်ရှားနိုင်ခဲ့ကြောင်း ပူတင်က ဆက်လက် ပြောကြားခဲ့သည်ဟု တာ့စ်သတင်းအရ သိရသည်။

Source: CNN, တာ့စ်သတင်းဌာန