CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂

ယူကရိန်း အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် စကော့တလန် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ အနိုင်ရပြီး ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
စကော့တလန် အသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ယူကရိန်း အသင်းဟာ ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီပွဲ အနိုင်ရခဲ့ တဲ့ ယူကရိန်း အသင်းဟာ ကမ္ဘာ့ဖလား ဝင်ခွင့် တစ်နေရာရဖို့ အတွက် ဗိုလ်လုပွဲအဖြစ် ဝေးလ်စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အနိုင်ရတဲ့ အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိမှာပါ။ ယူကရိန်း အတွက်တော့ ဒီပွဲဟာ ဖေဖော်ဝါရီလက စတင် ခဲ့တဲ့ ပဋိပက္ခတွေ ဖြစ်ပွားပြီးကတည်းက ပထမဆုံးယှဉ်ပြိုင်တဲ့ ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။
ကစားသမားတွေဟာ နိုင်ငံရဲ့ အလံကို လွှမ်းခြုံပြီး ကွင်းထဲကို ဝင်ရောက်ခဲ့ကာ နိုင်ငံတော်သီချင်း သီဆိုချိန်မှာ ငိုကြွေးခဲ့ကြ တာပါ။ ယူကရိန်း ပရိသတ်တွေဟာ အဝါရောင်နဲ့ အပြာရောင် ဝတ်စုံတွေ ဝတ်ဆင်ကာ လက်ရွေးစင် အသင်းကို အားပေး ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ပွဲကို ရပ်တန့်ဖို့၊ ယူကရိန်းနဲ့အတူ ရှိနေတယ်ဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင် ထားကြတာကိုလည်း တွေ့မြင်ခဲ့ရတာပါ။ ယူကရိန်းသမ္မတ ဇာလန်းစကီးရဲ့ မျက်နှာဖုံးတွေကိုလည်း ပရိသတ်အချို့က ကိုင်ဆောင်ပြီး ပြသခဲ့ကြတာ ဖြစ်ပါတယ်။
ယူကရိန်းနည်းပြ ပီထရာကော့ဗ် ကတော့ ဒီနိုင်ပွဲဟာ နိုင်ငံအတွက် ဖြစ်တယ်လို့ ပြောခဲ့တာပါ။

ယူကရိန်းအသင်း ပရိသတ် အမျိုးသမီးတစ်ဦး (The Sun)

ပီထရာကော့ဗ် က “ ဒီနိုင်ပွဲဟာ ကျနော့်အတွက်ရော အသင်းအတွက်ရော မဟုတ်ပါဘူး။ ဒါက နိုင်ငံအတွက်ပါ။ နေ့တိုင်း ဒုက္ခ ရောက်နေကြတဲ့ ပြည်သူတွေ၊ လက်နက်ကိုင် တပ်ဖွဲ့တွေအတွက် ကျနော်တို့ ကစားခဲ့တာပါ။ ကျနော်တို့ရဲ့ ခံစားချက်တွေ အားလုံးက ကွင်းထဲမှာ ရှိနေပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ယူကရိန်း တစ်သင်းလုံးကတော့ ကာတာ ကမ္ဘာ့ဖလားဆီ အရောက်သွားဖို့ စိတ်ဆန္ဒတွေ ပြင်းထန်နေကြတာပါ။

ဒီပွဲမှာ အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ ဇင်ချန်ကို က “ ကျနော်တို့ အတွက်တော့ ပွဲတိုင်းက ဗိုလ်လုပွဲပါပဲ။ ကျနော်တို့ နောက်ထပ် တစ်ပွဲ ကစားရမှာဖြစ်ပြီး အနိုင်ရဖို့ လိုပါတယ်။ ကျနော်တို့ ဒါကို ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှ မဟုတ်ရင်တော့ ဘာမှ အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ ကျနော်တို့ ၃ ဂိုး သွင်းနိုင်ခဲ့ပြီး ဒီထက်တောင် ဂိုးပိုသွင်းနိုင်သင့်တာပါ။ ဝေးလ်စ်နဲ့ ပွဲက တော့ ကျနော်တို့အတွက် ကြီးမားတဲ့ ပွဲတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ကျနော်တို့ ဘဝရဲ့ အကောင်းဆုံး စွမ်းဆောင်မှုတွေကို ပြသဖို့ လ်ိုအပ်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဝေးလ်စ်နဲ့ ယူကရိန်းတို့ ကစားမယ့် ပလေးအော့ဖ် ဗိုလ်လုပွဲကို ဇွန်လ ၅ ရက် ကာဒစ်ဖ် အားကစားကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: The Sun/Goal