CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ရှရစ်ဖ်ကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းအတွက် ၁ ဂိုး သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒိုကို ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ သူက အခွင့်အရေးတွေ ဖန်တီးခဲ့သလို အသင်းကလည်း သူ့အတွက် အခွင့်အရေးတွေ ဖန်တီး ပေးပါတယ်။ ဒီပွဲမှာ သူဂိုးသွင်းနိုင်ဖို့ တကယ်လိုအပ်ခဲ့တာပါ။ အခုထက်ပိုပြီး သူဂိုးသွင်းနိုင်မယ်လို့လည်း ကျနော် ယုံကြည်ပါတယ်။ သူဟာ ဘယ်တော့မှ အရှုံးမပေးတဲ့သူပါ။ ဒါဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံး လုပ် ဆောင်ခဲ့တဲ့အရာလို့ ကျနော်ထင်ပါတယ်။ အဆုံးသတ်မှာ သူ ဆုလာဘ်ကို ရရှိခဲ့တယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါ တယ်။

ရော်နယ်ဒိုဟာ ဒီပွဲစဉ်ရဲ့ ၈၁ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးမတိုင်ခင် အခွင့်အရေးတွေ ရခဲ့ပေမယ့် လွဲချော်နေခဲ့သလို သွင်းတဲ့ ဂိုးကလည်း ခွင့်ပြုခြင်း မခံခဲ့ရပါဘူး။

ရှရစ်ဖ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးဟာ ဒီရာသီ အိုးထရက်ဖို့ဒ်မှာ သွင်းတဲ့ ရော်နယ်ဒိုရဲ့ ပထမဆုံး ဂိုးလည်း ဖြစ်ခဲ့ပါ တယ်။ ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ရှရစ်ဖ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်မှာ ၂ ဂိုးနဲ့ အဲဗာတန်နဲ့ ပရီးမီးယား လိဂ်ပွဲမှာ ၁ ဂိုး သွင်းယူထားပြီး ဒီရာသီ ယူနိုက်တက်အသင်းအတွက် ၃ ဂိုး သွင်းယူထားတာပါ။

နည်းပြ အဲရစ်တန်ဟတ်ကိုတွေ့ရစဉ် (Yahoo Sports)

ရော်နယ်ဒိုက “ အသင်းလိုက် ကြိုးစားအားထုတ်မှုနဲ့ အလွန်ကောင်းမွန်တဲ့ နိုင်ပွဲပါ။ ကျနော်တို့ အတူတူ ရှိခဲ့ကြ တယ်။ ဆက်သွားကြစို့ ယူနိုက်တက်ဆိုပြီး”သူ့ရဲ့ တွစ်တာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာ လူစားလဲ ဝင်ရောက်ဖို့ ငြင်းဆန်ခဲ့ပြီး ပွဲမပြီးခင် ဥမင်ထဲကို ထွက်သွားခဲ့တာကြောင့် စည်းကမ်းပိုင်းအရ အရေးယူမှု ခံခဲ့ရပါတယ်။

အဲ့ဒါကြောင့် ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ အသင်းလူစာရင်းကနေ ချန်လှပ်ခံရပြီး လူငယ်အသင်းနဲ့ လေ့ကျင့်မှု ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ အဲရစ်တန်ဟတ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာတော့ ရော်နယ်ဒို ဟာ အသင်းကြီးနဲ့အတူ လေ့ကျင့်မှုပြန်လည် ပြုလုပ်ခွင့်ရခဲ့ပြီး ရှရစ်ဖ်နဲ့ ပွဲမှာ ပွဲချိန်ပြည့် ပါဝင်ကစားခွင့် ရခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရော်နယ်ဒိုကို နည်းပြ အဲရစ်တန်ဟတ်က ပွဲထွက် အသုံးပြုမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail