CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၃၀

စိန့်အန်တီယန် အသင်း တန်းဆင်းခဲ့တာကို ကြည့်ခဲ့ရပြီးနောက် ပရိသတ်တွေဟာ ကွင်းအတွင်း ဝင်ရောက်ပြီး ကစားသမား တွေကို မီးတောက်တွေနဲ့ ပစ်ပေါက်ကာ တိုက်ခိုက် ခဲ့ကြပါတယ်။

ပြင်သစ်လီဂူးဝမ်း တန်းဆင်း-တန်းတက် ပလေးအော့ဖ်ပွဲစဉ် ဒုတိယအကျော့အဖြစ် စိန့်အန်တီယန် အသင်းဟာ အိမ်ကွင်းမှာ အော်ဇေး အသင်းနဲ့ ကစားခဲ့ရာ ၁ ဂိုးစီ သရေကျသွားခဲ့တာပါ။

ပထမအကျော့ကလည်း ၁ ဂိုးစီ သရေကျထားတဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုးစီ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် အချိန်ပိုဆက် ကစားခဲ့ရပြီး ဂိုးမသွင်းနိုင်တဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။

ပင်နယ်တီ အဆုံးအဖြတ်မှာ စိန့်အန်တီယန် အသင်းက ၄ ဂိုး ဝင်ခဲ့ပြီး အော်ဇေး အသင်းက ၅ ဂိုး ဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် စိန့်အန်တီယန် အသင်းဟာ လီဂူးဝမ်းကို တန်းဆင်းခဲ့ရပြီး အော်ဇေး အသင်းက လီဂူးဝမ်းကို တန်းတက်နိုင်ခဲ့တာပါ။

ဘီရာမာတိုရေး က အော်ဇေးအသင်းအတွက် ပင်နယ်တီ အနိုင်ဂိုး သွင်းယူပြီးတဲ့ အချိန်မှာ စိန့်အန်တီယန် အသင်းရဲ့ ပရိသတ် တွေဟာ ကွင်းအတွင်း ပြေးဝင်လာခဲ့ပြီး ရုပ်ဆိုး အကျည်းတန်အောင် ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

မီးတုတ်များဖြင့် တိုက်ခိုက်နေတဲ့ စိန့်အန်တီယန်အသင်း ပရိသတ်များ(The Sun)

ကစားသမားတွေနဲ့ တာဝန် ရှိသူတွေဟာ ပရိသတ်တွေ ကွင်းအတွင်း ဝင်ရောက် သောင်းကျန်းမှုကြောင့် အလျင်အမြန် ကွင်း ထဲကနေ ထွက်ပြေးခဲ့ရတာပါ။ သူတို့တွေဟာ ဥမင်ထဲမှာရှိတဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို မီးတောက်တွေနဲ့ ပစ်ပေါက် ခဲ့ကြတာ ဖြစ်ပါတယ်။

ပြင်သစ်ရဲတပ်ဖွဲ့ဟာ မျက်ရည်ယိုဗုံးနဲ့ ထိန်းချုပ်ခဲ့ရပြီး ဖမ်းဆီးမှု အများအပြား ပြုလုပ်ခဲ့ကာ လူရာပေါင်းများစွာကို နာရီ အတော် ကြာကြာ ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်နိုင်ငံ RMC Sport က သတင်းသမားတွေနဲ့ ကင်မရာမန်းတွေ ဟာ မီးခိုးဗုံးကနေ လွတ်မြောက်ဖို့ ရုန်းကန်ခဲ့ရပြီး လုံခြုံရေးဝန်ထမ်းတွေဟာ ကွင်းအတွင်း ကျူးကျော်လာတဲ့ သူတွေကို ရှင်းထုတ်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့တာပါ။

စိန့်အန်တီယန် အသင်းဟာ ဘော်ဒိုး၊ မတ်ဇ် တို့နဲ့အတူ လီဂူး ၂ ကို တန်းဆင်းခဲ့ရတာဖြစ်ပြီး အော်ဇေးအသင်း ကတော့ အေဂျက်စီယို အသင်း၊ တူးလော့စ်အသင်း တို့နဲ့အတူ လီဂူးဝမ်းကို တန်းတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စိန့်အန်တီယန် အသင်းဟာ လီဂူးဝမ်းချန်ပီယံဆုကို ၁၀ ကြိမ် ရယူထားနိုင်ခဲ့ပေမယ့် ဒီရှုံးပွဲကြောင့် ၁၈ နှစ်ကြာ ထိပ်တန်း လိဂ်မှာ နေရတာကို အဆုံးသတ်သွားခဲ့တာပါ။ အော်ဇေးအသင်း ကတော့ ၁၀ နှစ်ကြာ ဝေးကွာနေတဲ့ လီဂူးဝမ်းကို တန်းပြန် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Metro/The Sun