CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၅

လီဗာပူးလ် နည်းပြ ကလော့ပ် ဟာ လိဂ်မန်နေဂျာများ အစည်းအရုံး(LMA)က ပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ရရှိသွားခဲ့ပါတယ်။ အင်္ဂလန် ဘောလုံးပြိုင်ပွဲမှာရှိတဲ့ အတန်းအားလုံးရဲ့ နည်းပြတွေက ဒီဆုကို မဲပေး ရွေးချယ်ရတာ ဖြစ်ပါ တယ်။

အသက် ၅၄ နှစ်အရွယ်ရှိ ဂျာမန်လူမျိုး နည်းပြကတော့ အခုနှစ်အတွက် ပေးအပ်တဲ့ ဒီဆုကို ရယူနိုင်ခဲ့တာပါ။ လီဗာပူးလ် အသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီး အသင်းထက် ၁ မှတ် လျော့နည်းပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကလော့ပ် ကတော့ ဒီဆုအပြင် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကိုလည်း ရယူနိုင်ခဲ့တာပါ။ ချယ်လ်ဆီး အမျိုးသမီးအသင်းနည်းပြ အမ်မာဟေးရတ်စ် ဟာ အမျိုးသမီးစူပါလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ရရှိသွားခဲ့ပါတယ်။

ချယ်လ်ဆီး အမျိုးသမီးအသင်းဟာ ၃ နှစ်ဆက်တိုက် အမျိုးသမီး စူပါလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း မန်စီးတီး ကို အနိုင်ရကာ ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။ လီဗာပူးလ်နည်းပြ ကလော့ပ် ကလည်း အခုနှစ် ရာသီမှာ အသင်းနဲ့အတူ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားကို ရယူထားပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ရီးရယ်လ် အသင်းနဲ့ ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ကလော့ပ်ကိုတွေ့ရစဉ်

လီဗာပူးလ် အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင် တစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်မှာပါ။

ကလော့ပ် က “ ဒါဟာ ဂုဏ်ယူစရာကောင်းပြီး ရူးသွပ်တဲ့ရာသီပါ။ ဒါဟာ ကျနော်တို့အတွက် အကောင်းဆုံး မဖြစ်ခဲ့ပေမယ့် ကျနော်တို့ ဒါကို ကျော်လွန်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုးဆုရတဲ့ အခါမှာ ခင်ဗျားဟာ ဉာဏ်ကြီးရှင် တစ်ယောက်ဖြစ်ဖြစ် ခင်ဗျားဆီ မှာ ကမ္ဘာ့အကောင်းဆုံး နည်းပြ ဝန်ထမ်းတွေ ရှိပါတယ်။ ကျနော်ကတော့ နည်းပြအဖွဲ့ဝင် အားလုံးနဲ့ အတူတူရှိနေပါတယ်။ သူတို့ကို ကျနော် ဘယ်လောက် လေးစားလဲဆိုတာ သူတို့သိပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ် ဟာ လီဗာပူးလ် အသင်းကို ၂၀၁၅ ခုနှစ်က စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူ့လက်ထက်မှာ အသင်းဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားတို့ကို ၁ ကြိမ်စီ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC