CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀

ပြည်သူများ လိုလားသည့် နိုင်ငံရေး ရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၉ ရက်က ပြောသွားသည်။

နစက၏ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ရန်ကုန်မြို့မှာ တွေ့ဆုံစဉ် အထက်ပါအတိုင်း ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “မိမိတို့နိုင်ငံ လွတ်လပ်ရေး ရရှိချိန်မှစ၍ နိုင်ငံရေးစနစ် အမျိုးမျိုးဖြင့် လျှောက်လှမ်းခဲ့ပြီး ယခုအခါ ပြည်သူ များ လိုလားသည့် နိုင်ငံရေး ရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိကြောင်း၊ ပါတီစုံ ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန် ဖော်ဆောင်ရမည်ဖြစ်ပြီး တစ်ဆက်တည်းတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနိုင်ရမည်”ဟု ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေသည်မှာ ဟုတ်မှန်သော် လည်း ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ရန် လိုအပ်ကြောင်း၊ သမ္မတ ဖြစ်ရေး ဖော်ဆောင်သည့် ပါတီစုံ ဒီမိုကရေစီစနစ်မျိုး မဟုတ်ဘဲ နိုင်ငံရေးပါတီများ အားလုံး ပါဝင် ယှဉ်ပြိုင်နိုင်သည့် ရွေးကောက်ပွဲမျိုးကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်က တွေ့ဆုံစဉ်

ဦးသန်းစိုးနိုင်က “ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကိုတော့ သူတို့ အမှန်ပဲ သွားမှာပါ။ ဒါပေမယ့် ပါတီစုံဒီမိုကရေစီဟာ ဒီမိုကရေစီနည်းကျ ကျနော်တို့ အင်အားစု အသီးသီးအနေနဲ့ ပါဝင်ခွင့်ရှိတဲ့ ဒီမိုကရေစီ နှုန်းစံပြည့်စုံတဲ့ ရွေးကောက်ပွဲမျိုး ကျင်းပဖို့ မဟုတ်ပါဘူး၊ သူတို့ ဒီစစ်တပ် မြန်မာ့နိုင်ငံရေးမှာ ဆက်လက် ပါဝင်ရေး နောက်ပြီးတော့ စစ်ကောင်စီ ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ သမ္မတ ဖြစ်ရေးအတွက် ရည်ရွယ်ပြီးတော့ သူတို့လိုလားတဲ့ နိုင်ငံရေး အင်အားစု တချို့နဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော်မယ့် ဟန်ပြ ဒီမိုကရေစီ ရွေးကောက်ပွဲမျိုးပဲ သူတို့ ကျင်းပမယ်လို့ တော့ ကျနော်တို့က ယူဆပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌကတော့ မိမိတို့ နိုင်ငံတွင်လည်း သဘောထား ကွဲပြားမှုကြောင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ် နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီတွင် တူညီ သည့် အခွင့်အရေးများ ပေးရမည်ဖြစ်သကဲ့သို့ ဖက်ဒရယ်စနစ်တွင်လည်း တူညီ သည့် အခွင့်အရေးများ ပေးရမည်ဖြစ် ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောသည်။

ဦးသန်းစိုးနိုင်က “ဘာတွေ လိုက်လျောဖို့ လိုမလဲဆိုလို့ရှိရင် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျနော်တို့ နိုင်ငံရေး ခေါင်း ဆောင်တွေ ပြန်လွှတ် ပေးဖို့ပေါ့ဗျာ။ နောက်ပြီးတော့ အခု တပြည်လုံးမှာ လုပ်နေတဲ့ အကြမ်းဖက် လုပ်ရပ်တွေ ရပ်ဆိုင်း ပေးဖို့ပေါ့ဗျာ။ နောက် ပြည်သူလူထုရဲ့ လုံခြုံအေးချမ်းတဲ့ အနေအထား တစ်ရပ်ကို သူ တည်ဆောက်ပေးဖို့ လိုတာပေါ့။ ဒီတိုင်း အကြောင်းမရှိ အကြောင်းရှာပြီး ရွာတွေအပေါ် အမြောက်နဲ့ပစ် ဗုံးတွေကြဲဆိုတဲ့ အလုပ်တွေ အဲဒါတွေ ရပ်ဆိုင်းပစ်မှ လူထုယုံကြည်မှု တစ်စုံတစ်ရာ ရမှာပါ”ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပခင် မဲရုံများသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်စစ်ဆေးနေစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရက ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်း ပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းနိုင်ရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် ကြေညာထားသည်။

ထို့နောက် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပ၍ အနိုင်ရသည့် ပါတီထံ အာဏာပြန်လွှဲပေးမည်ဟု နစက ဥက္ကဋ္ဌက ပြောထားသည်။

သို့သော် နစက ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအပေါ် လူထုနှင့် နိုင်ငံရေးပါတီ တချို့မှာ ယုံကြည်မှု မရှိကြပေ။