CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၉

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး ဦးဆောင်သည့် အဖွဲ့က တပ်မတော် နှင့်အမြဲတမ်း လက်တွဲဆောင်ရွက်သွားမည်ဟု ပြောကြောင်း နစက-က ယနေ့ (ဇွန်လ ၁၉ ရက်)ထုတ်ပြန်ခဲ့သည်။

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယနေ့ (ဇွန်လ ၁၉ ရက်) နေပြည်တော်မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးမှု အတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစက-က “ DKBA မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး နှင့်အဖွဲ့ဝင်များက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) အနေဖြင့် တပ်မတော်နှင့် အမြဲတမ်း လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးနှင့်ပတ်သက်၍ သဘောထား တူညီချက်အမြင်များကို ပြန်လည် ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်က DKBA မှ ဗိုလ်ချုပ်ကြီး စောစတီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် DKBA ဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး၊ စစ်ရေးချုပ် ဗိုလ်မှူးကြီးစောစိန်ဝင်း၊ ဆက်ဆံရေးဌာနမှူး စောကျော်သန်းဋ္ဌေးတို့ တက်ရောက်ခဲ့ပြီး နစကဘက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့ တက်ရောက်ခဲ့ ကြသည်။

DKBA ကို ကရင်အမျိုးသားအစည်းအရုံး(KNU)ကနေ ခွဲထွက်လာသော ဗိုလ်ချုပ်ကြီး စောလားပွယ် (ခေါ်) နှုတ်ခမ်းမွှေးက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) အမည်ဖြင့် ၁၉၉၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး နောက် ၂၀၁၀ ခုနှစ်မှာတော့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)ဟု အမည်ပြောင်းလဲခဲ့သည်။

 DKBA ကိုယ်စားလှယ်အဖွဲ့နှင့် နစက

ထို့နောက် ၂၀၁၁ ခုနှစ်မှာတော့ ဦးသိန်းစိန် အစိုးရနှင့် ပြည်နယ်အဆင့်-ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲ ရေးစာချုပ် (Bilateral)စာချုပ် လက်မှတ်ထိုးခဲ့သလို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တခြားသော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ သည်။

ဗိုလ်ချုပ်ကြီး စောလားပွယ် ၂၀၁၆ ခုနှစ်၊ မတ်လ ၁၃ ရက်က ကွယ်လွန်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး စောမိုရှေးက စစ်ဦးစီးချုပ် နှင့် ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်ကြီး စောမိုရှေးသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းကြောင့် ဒုစစ်ဦးစီးချုပ်ဖြစ်သူ စောစတီးက လွှဲပြောင်း တာဝန်ယူခဲ့ရသည်။

လက်ရှိတွင် DKBA ကို ဗိုလ်ချုပ်ကြီး စောစတီးက ဦးဆောင်လျက်ရှိသည်။