CNI International News

စိန့်ပီတာစဘတ်၊ ဇွန်လ ၂၀

လက်ရှိကမ္ဘာ့အခြေအနေအရ ရုရှားစီးပွားရေး၏အခြေခံမူများကို မပြောင်းလဲသေးဘဲ ပုဂ္ဂလိကကဏ္ဍဦးစားပေးသည့် ဈေးကွက်စီးပွားရေးစနစ်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ရုရှားကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ အဲလက်ဇေကူဒရင် (Alexey Kudrin) က ပြောကြားခဲ့ကြောင်း ဇွန်လ ၂၀ ရက် (ယနေ့) ရက်စွဲဖြင့် တာ့စ်သတင်းဌာနက ဖော်ပြသည်။

၎င်းသည် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) သို့ တက်ရောက်ရင်း တာ့စ်သတင်းဌာနနှင့် သီးခြားတွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကူဒရင်က “ကျနော်တို့က အရင်ရပ်တည်ချက် အတိုင်းပါပဲ။ လက်ရှိ အခြေအနေတွေအရ ရုရှားစီးပွားရေးရဲ့ အခြေခံမူတွေ မပြောင်းလဲပါဘူး။ ဈေးကွက်စီးပွားရေးနဲ့ ပုဂ္ဂလိက ကဏ္ဍကို ဆက်ထိန်းထားပါတယ်။ အဲဒါအပြင် အခု အဖြစ်အပျက်တွေကို အလျင်အမြန် တုံ့ပြန်နိုင်ပြီး ပြန်လည် ထူထောင်ရေး လုပ်နိုင်မယ့် ပုဂ္ဂလိက ကဏ္ဍကို အစပျိုးနေပါတယ်။ အကြောင်းကတော့ အစိုးရပိုင် အဖွဲ့အစည်းတွေ (ဒါမှမဟုတ်) အစိုးရကော်ပိုရေးရှင်းတွေရဲ့ ရှုပ်ထွေးတဲ့ ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းတွေအစား အခု ဆုံးဖြတ်ချက် အသစ်တွေ ချမှတ်နိုင်ဖို့ပါ။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပုံစံသစ်တွေဟာ လိုက်လျောညီထွေဖြစ်အောင် လုပ်တဲ့နေရာမှာ ပိုပြီး ထိရောက်တယ်ဆိုတာ လူတိုင်း နားလည်ပါတယ်။ အဓိက ဆိုလိုချင်တာကတော့ ပုဂ္ဂလိက ကဏ္ဍပဲ ဖြစ် ပါတယ်” ဟု ပြောကြားခဲ့သည်။

ပူတင်နဲ့ ကူဒရင်ကိုတွေ့ရစဉ်

စီမံကိန်း စီးပွားရေးဆီသို့ မည်သည့်အခါမျှ နောက်ကြောင်း ပြန်လှည့်မည် မဟုတ်ကြောင်း ရုရှားအစိုးရ တာဝန်ရှိ သူများ၏ အဆိုအရ သိရသည်။

“နောက်တစ်ချက် ရှိပါသေးတယ်။ စီမံကိန်းဆိုလိုရင်းက လုပ်ငန်းတစ်ခုအတွက် နိုင်ငံတော်ကနေ ထုတ်လုပ်မှု ပမာဏကို သာမကဘဲ ဈေးနှုန်းကိုပါ နိုင်ငံတော်က ဆုံးဖြတ်ပေးရမယ်လို့ ဆိုလိုပါတယ်။ နောက်ပိုင်းကျတော့ လုပ်ငန်းထဲမှာ အမြတ် အစွန်းနဲ့ တာဝန်တွေ ဆုံးရှုံးသွားမယ်။ ဒီလမ်းကြောင်းကတော့ ဘယ်တော့မှ ပြန်ဖြစ်မလာတော့ဘူးလို့ ထင်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ အစောပိုင်းကလည်း ကူဒရင်ကို တာ့စ်သတင်းဌာနက မေးမြန်းခဲ့ရာ သူက “ ဈေးကွက်စီးပွားရေး လမ်းကြောင်းသို့ ရုရှားစီစဉ်ထားပုံ”ကို ရှင်းပြခဲ့သည်။

ယခင် စီမံကိန်း စီးပွားရေးစနစ်ဟောင်းကို ခြေဦးပြန်လှည့်စရာ အကြောင်းမရှိသည်မှာ သေချာကြောင်း ပြောကြားခဲ့ပြီး ဖြစ်သည်။

Source: တာ့စ်သတင်းဌာန