CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးရန် ကရင် လက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် KNU/KNLA-PC နှင့် DKBA တို့မှ ခေါင်းဆောင်များသည် နေပြည်တော်သို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA -PC)ကို ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA )ကိုတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး ဦးဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် စက်တင်ဘာ ၁၅ ရက်နေ့တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကရင်လက်နက်ကိုင် ၂ ဖွဲ့ ပူးတွဲ၍ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။

KNU/KNLA-PC ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးနှင့် ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်

နောက်ရက်များတွင် ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်လက်နက် ကိုင် ၂ မှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အသေးစိတ်များကို ဆက်လက် ဆွေးနွေးကြမည် ဖြစ် သည်။

KNU/KNLA-PC သည် ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်မှ ၂၈ ရက်အထိ နစကနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကို ဆွေးနွေးခဲ့ပြီးဖြစ်ရာ ယခုအခါမှာတော့ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

အလားတူ DKBA သည်လည်း ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်မှ ၂၁ ရက်အထိ နစကနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပြီးဖြစ်ရာ ယခုအခါမှာတော့ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

KNU/KNLA-PC နှင့် DKBA တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်သည်။