CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၈
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် နစကဥက္ကဋ္ဌနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးရန် နေပြည်တော်သို့ သြဂုတ် ၂၈ ရက်တွင် ရောက်ရှိလာကြောင်း သိရသည်။
ထို့နောက် သြဂုတ် ၂၉ ရက်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကို ဆွေးနွေးကြမည်ဖြစ်ပြီးသလို နောက်ဆက်တွဲ အသေးစိတ်များကိုတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးညှိနှိုင်းရေးအဖွဲ့နှင့်ဆွေးနွေးကြမည်ဖြစ်သည်။
ဗိုလ်ချုပ်ကြီးယွက်စစ်သည် သြဂုတ် ၂၈ ရက်က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်မြို့သို့ ရောက်ရှိ လာပြီး တာချီလိတ်ကနေ တပ်မတော်လေယာဉ်ဖြင့် နေပြည်တော်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
သြဂုတ် ၂၉ ရက်တွင် ဆွေးနွေးမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ဒုတိယ အကြိမ်ဖြစ်ပြီး မေလ ၂၀ ရက်နေ့က ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးထားသည်။
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂ ရက်က နစကနဲ့ ALP၊ PNLO။ LDU တို့ တွေ့ဆုံစဉ်
RCSS/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထား သည့် ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်သည်။
သြဂုတ် ၂၂ ရက်မှ ၂၆ ရက်နေ့အထိ NCA ထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) သုံးဖွဲ့မှ ကိုယ်စားလှယ်များ နှင့် နစက တွေ့ဆုံ ဆွေးနွေးထားသည်။