CNI News

၂၀၂၂ ခုနှစ်၊ မေလ ၉

သက်ဆိုင်သူများ အားလုံးပါဝင် ဆွေးနွေးသည့် အခင်းအကျင်း မဖြစ်သည့်အတွက် တက်ရောက် နိုင်မည် မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ (မေလ ၉ ရက်)ထုတ်ပြန်ခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO) များကို ဖိတ်ခေါ်ကြောင်း၊ EAO ခေါင်းဆောင်များကို ကိုယ်တိုင်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း၊ မေလ ၉ ရက်နေ့ နောက် ဆုံးထား စာရင်းပေးစေလိုပါကြောင်း ဧပြီ ၂၂ ရက်က ပြောကြားခဲ့သည်။

KNU က “မိမိတို့နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်လိုလျှင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေ စီ ပြည်ထောင်စုအား တည်ဆောက်လိုသည့် သက်ဆိုင်ပတ်သက်သူများ အားလုံးပါဝင်သော တွေ့ဆုံ ဆွေးနွေးအဖြေရှာ သည့် တွေ့ဆုံ ဆွေးနွေးမှုမျိုး ဖြစ်ရပါမည်။ ယခုဖိတ်ကြားမှုသည် ကန့်သတ်ဖိတ်ကြားမှုပုံစံဖြစ်နေပြီး သက်ဆိုင်ပတ်သက်သူ များ အားလုံး ပါဝင်ခြင်းမရှိသည့်အတွက် ဖိတ်ကြားမှုတွင် မျှော်မှန်းထားသကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ကို မရရှိနိုင်သလို လက်နက်ကိုင်ပဋိပက္ခများလည်း ချုပ်ငြိမ်းနိုင်မည်မဟုတ်ဟု ရှုမြင်သုံးသပ်ပါသည်။ သို့ဖြစ်၍ သက်ဆိုင်သူ များ အားလုံးပါဝင်ဆွေးနွေးသည့် အခင်းအကျင်း မဖြစ်သည့်အတွက် တက်ရောက်မည်မဟုတ်ပါ”ဟု ထုတ်ပြန် ပြောကြား ခဲ့သည်။

KNU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

KNU ပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)မှ အဖွဲ့ဝင်များဖြစ်ကြသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)တို့ တက်ရောက်ကြမည် ဖြစ်သည်။

သို့သော် PPST တခြား အဖွဲ့ဝင်များဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်မတော်(ABSDF)၊ချင်းအမျိုးသားတပ်ဦး (CNF)တို့ကတော့ တက်ရောက်မည် မဟုတ်ကြောင်း အသီးသီး ထုတ်ပြန်ထားသည်။