CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၃၁

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)တို့ ယနေ့(မတ်လ ၃၁ ရက်)တွင် နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြ သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ NSPNC ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် SSPP ဘက်မှ ဒုဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ အတွင်းရေးမှူး(၂) စဝ်စိုင်းဆု၊ ဗဟိုကော်မတီဝင် စဝ်နော်လိတ်၊ စဝ်သန်းအောင်တို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်က NSPNC နှင့် SSPP တွေ့ဆုံစဉ်

NSPNC ဘက်က လက်ရှိ ငြိမ်းချမ်းရေးဆောင်ရွက်နေမှု၊ အစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်အဖြစ် သတ် မှတ်ပြီး ကြိုတင်သတ်မှတ်ချက်များမရှိဘဲ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမှု၊ အပစ်အခတ်ရပ်စဲ ထားမှု၊ ဒေသဖွံ့ ဖြိုး တက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ပဋိပက္ခများလျှော့ချနိုင်ရေး၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို တွေ့ဆုံ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေး ချမ်းရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နစက-က ထုတ်ပြန်ထားသည်။

SSPP ၏ ဒုဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင်

ထို့နောက် SSPP ၏ ဒုဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင်က တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုး မှုရှိသည့် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံမှုရရှိရေးအတွက် တစ်ဖက်နှင့် တစ် ဖက် ယုံကြည်မှု ပိုမိုတည်ဆောက်နိုင်ရေး၊ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး အခက်အခဲ အတားအဆီးများ ကျော်လွှား နိုင်ရေး စသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် NSPNC နှင့် SSPP တို့သည် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား လက်ရှိ ဖြစ်ပေါ် နေသည့် ကိစ္စရပ်များ၊ ရှေ့ဆက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောာင်းလည်း သိရသည်။

 SSPP သည် ပြည်နယ်-ပြည်ထောင်စုအဆင့် ပဏာမအပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) ရေးထိုးထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကိုတော့ လက်မှတ် မထိုးနိုင်သေးပေ။