CNI International News

ဆိုးလ်၊ မတ်လ ၃၁

ပိုင်းခြားထားသော ကျွန်းဆွယ်ဒေသတွင်း တင်းမာနေစဉ်အတွင်း အာကာသ စောင့်ကြည့်ရေး စွမ်းရည်အတွက် အဓိက ခြေလှမ်းအဖြစ် တောင်ကိုရီးယားက ၎င်း၏ ပထမဆုံး လောင်စာအခဲသုံး ဒုံးပျံကို လွှတ်တင်ခဲ့ကြောင်း သတင်းထုတ်ပြန် ခဲ့သည်။

၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တိုက်ချင်းပစ်ဒုံးကျည်(ICBM)ကို မြောက်ကိုရီးယားက စမ်းသပ်ခဲ့ပြီး ၆ ရက်အကြာ မတ်လ ၃၀ ရက်တွင် တောင်ကိုရီးယားကလည်း ယခုကဲ့သို့ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းကတည်းက နောက်ဆုံး ပေါ် လက်နက်စမ်းသပ်ခြင်းလည်း ဖြစ်သည်။

အဆိုပါ လွှတ်တင်မှုကို ဆိုးလ်မြို့တော်၏ အနောက်တောင်ဘက် ကီလိုမီတာ ၁၅၀ (၉၃ မိုင်) အကွာ တီအန်းဒေသတွင် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Suh Wook နှင့် စစ်ဘက်အဆင့်မြင့် အရာရှိရှေ့မှောက်၌ လုပ်ဆောင်ခဲ့ပြီး အာကာသ အတွင်းသို့ ဒုံးပျံဂြိုဟ်တု မရောက်ရှိမီ မြေပြင်မှ ဝေဟင်သို့ ပျံတက်သွားသော ဓာတ်ပုံမှတ်တမ်းများကို ထုတ်ဖော်ပြသခဲ့သည်။

အောင်မြင်စမ်းသပ်မှုအနေဖြင့် တောင်ကိုရီးယား၏ အာကာသအခြေပြု ကင်းထောက်မှုနှင့် ထောက်လှမ်းရေး စွမ်းရည်ကို မြှင့်တင့်ရာတွင် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တောင်ကိုရီးယားတွင် လက်ရှိအချိန်အထိ ကိုယ်ပိုင် ထောက်လှမ်းရေးဂြိုဟ်တု မရှိသေးဘဲ မြောက်ကိုရီးယားရှိ မဟာဗျူဟာ မြောက် စစ်စခန်းများကို စောင့်ကြည့်ရန် အမေရိကန်၏ ထောက်လှမ်းရေး ဂြိုဟ်တုများကိုသာ မှီခိုအားထား နေရသေးသည်။

တောင်ကိုရီးယား ပစ်လွှတ်ခဲ့သည့် အာကာသဒုံးပျံ (AA)

ပြုံးယမ်းသည် ယခုနှစ် အစောပိုင်း၌ လက်နက်စမ်းသပ်မှု ဆက်တိုက် ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်၌ပင် ICBM အသစ် ဟုခေါ်သည့် တိုက်ချင်းပစ်ဒုံးကျည်ကို ပစ်လွှတ်ပြခဲ့သည်။

ဒုံးကျည် စမ်းသပ်မှု အကြီးအကျယ် ပြုလုပ်ခြင်းအား ဆိုင်းငံ့ထားရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို မြောက်ကိုရီးယား ချိုးဖောက်ကာ နောက်ထပ် နျူကလီးယား လက်နက်စမ်းသပ်မှုများ ပြန်လည် စတင်လာမည်ဟု ယူဆ လျက် ကိုရီးယားကျွန်းဆွယ်တဝိုက် စိုးရိမ်မှုများ တိုးပွားလာခဲ့ရသည်။

မကြာသေးမီက တာဝေးသုံး Hwasong-17 တိုက်ချင်းပစ်ဒုံးကျည်(ICBM)အသစ်ဟု မြောက်ကိုရီးယားက အခိုင်အမာ သတင်း ထုတ်ပြန်ခဲ့သော်လည်း လေ့လာဆန်းစစ်ချက်များအရ အဆိုပါ ICBM သည် ယခင်က ၎င်းတို့ စမ်းသပ်ပြခဲ့ဖူးသည် Hwasong-15 သာ ဖြစ်နိုင်ဖွယ်ရှိကြောင်း တောင်ကိုရီးယားတို့က ကောက်ချက်ချခဲ့ပြီးနောက်ပိုင်း သံသယဝင်စရာ ဖြစ်လာခဲ့သည်။

သို့သော် မြောက်ကိုရီးယားတို့ ယခုတစ်ကြိမ် စမ်းသပ်သော ဒုံးကျည်သည် ယခင်ဒုံးကျည်ထက် ခရီးအကွာအဝေး ပိုမိုရှည် လျားစွာ ရောက်ရှိနိုင်ပြီး အမေရိကန်နိုင်ငံ အတွင်းသို့ပါ ထိရောက်စွာ ပစ်ခတ်နိုင်စွမ်းရှိကြောင်း သိရသည်။

Source: Aljazeera