CNI International News

ဆိုးလ်၊ ဇွန်လ ၁၉

ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသည့် စ-စ်မဲ့ဇုန်အနီးရှိ ခံစစ်ပြင်ထားသော ကြားခံဇုန် (Buffer Zone) နယ်နိမိတ်ကို တောင်ကိုရီးယားဘက်က ချုံ့ပစ်ရန် စီစဉ်နေကြောင်း DW သတင်းတွင် ဖော်ပြခဲ့သည်။

တောင်ကိုရီးယားသည် ၂၀၂၇ ခုနှစ်မှစပြီး နယ်စပ်အနီးရှိ ကြားခံဇုန် နယ်နိမိတ်၏ မြေနေရာအချို့ကို လယ်သမား များနှင့် ဒေသခံများအတွက် အလုပ်လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဌာနက ဇွန်လ ၁၇ ရက်တွင် ကြေညာခဲ့သဖြင့် တောင်ကိုရီးယားဘက်မှ ကြားခံဇုန်သည် ပိုမိုကျဉ်းမြောင်းသွားမည် ဖြစ်သည်။

လယ်သမားများနှင့် ဒေသခံများအတွက် မြေကွက်များ ခွဲပေးရန်အတွက် နယ်စပ်တောင်ဘက်ရှိ စစ်တပ်က ထိန်း ချုပ်ထားသည့် အရပ်ဘက်ထိန်းချုပ်ရေးမျဉ်း( CCL)ကို ၁၀ ကီလိုမီတာ ( ၆ ဒသမ ၂ မိုင်) မှ ၆ ကီလိုမီတာ (၃ ဒသမ ၇ မိုင်) အထိ လျှော့ချသွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“အရပ်သားတွေ ဝင်ရောက်မှုကို ကန့်သတ်ဖို့နဲ့ စစ်ဆင်ရေးတွေကို အာမခံချက်ရှိစေဖို့ CCL ကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ထိန်းချုပ်မှု အစီအမံတွေကို ဖြည့်စွက် ပြင်ဆင်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက် လာခဲ့ပါတယ်”ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး အန်းဂူဘတ် (Ahn Gyu-back) က ပြောကြားခဲ့သည်။

 “စစ်အင်အား လျော့နည်းလာတဲ့ အချိန်မှာ အနာဂတ် လုံခြုံရေး အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်စေဖို့၊ တစ်ဖက်ကလည်း စစ်ဆင်ရေးဆိုင်ရာ အခြေအနေတွေကို အာမခံချက် ရှိစေဖို့အတွက် CCL ကို ပြုပြင်ပြောင်းလဲ မယ့် အစီအစဉ်တစ်ခုကို ကျ‌နော်တို့ ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်”ဟု အန်းက ထပ်လောင်းပြောကြားခဲ့သည်။

 စိုက်ပျိုးရေးလုပ်ငန်းကို တွေ့ရစဉ်

တောင်ကိုရီးယား နိုင်ငံသားများသည် ကြားခံဇုန်တွင် နေထိုင်ရန် သို့မဟုတ် စိုက်ပျိုးရေးများ လုပ်ကိုင်ရန် စစ်တပ် ၏ ခွင့်ပြုချက် လိုအပ်နေသဖြင့် ဒေသခံများအတွက် စီးပွားရေးဆိုင်ရာ နစ်နာဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားခဲ့ကြသည်။

“စစ်ဆင်ရေးတွေကို မထိခိုက်စေတဲ့ အတိုင်းအတာ တစ်ခုအထိ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို ကျနော်တို့ ခွင့်ပြု ပေးသွားမှာပါ” ဟု အန်းက ပြောကြားခဲ့သည်။

ဒေသခံများကမူ ယခု လုပ်ဆောင်ချက်ကို ကြိုဆိုခဲ့ကြပြီး ထိုဒေသတွင် စိုက်ပျိုးရေး လုပ်ငန်းများကို ပိုမို လုပ်ကိုင် နိုင်စေမည်ဖြစ်ကာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ ထိန်းချုပ်နယ်မြေအတွင်းရှိ ပုဂ္ဂလိကပိုင် မြေကွက်များပေါ်၌ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် စစ်တပ်၏ ခွင့်ပြုချက် လိုအပ်နေဆဲဖြစ်ကြောင်း ဂန်ဟွာကောင်တီ (Ganghwa County) မှ ကောင်စီဝင် ပတ်ဟုန်းယောလ် (Park Heung-yeol) က ပြောကြားခဲ့သည်။

Source: DW