CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉

အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)သည် ဥက္ကဋ္ဌဟောင်းကြီး ဦးစိုင်းလင်း ချမှတ်ခဲ့သော တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ရည်မှန်းချက်ကို ဆက်လက် ဆုပ်ကိုင်ထားသည်ဟု NDAA ဥက္ကဋ္ဌ ဦးထိန်းလင်းက ပြောသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်က NDAA ဌာနချုပ် တည်ရှိရာ မိုင်းလားမြို့သို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် NDAA ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြ သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် NDAA ဘက်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အထူးဒေသ(၄)သည်လည်း ဥက္ကဋ္ဌဟောင်းကြီး ဦးစိုင်းလင်း ချမှတ်ခဲ့သော တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရရှိရေး နိုင်ငံရေး ရည်မှန်းချက်ကို စွဲမြဲစွာ ဆုပ်ကိုင်ကာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲ ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို စဉ်ဆက်မပြတ် ကာကွယ်စောင့် ရှောက်သွားမည်ဟု NDAA က ထုတ်ပြန်ခဲ့သည်။

ထို့နောက် တွေ့ဆုံ ဆွေးနွေးပွဲတွင် အစိုးရသစ် အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဓိက ဦးစားပေးပြီး၊ အထူး ဒေသ(၄) အပါအဝင် အခြားသော သက်ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထား ကြောင်း၊ အစိုးရအနေဖြင့် အဖွဲ့အစည်းများအကြားရှိ အပြန်အလှန် နားလည်ယုံကြည်မှုကို ပွင့်လင်းသော ဆက်ဆံ ဆွေးနွေးမှုများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ညှိနှိုင်းမှုများမှတဆင့် တဖြည်းဖြည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ‌ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွား မည် ဖြစ်ကြောင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဆွေးနွေး ပြောကြားခဲ့သည်။

အလားတူ NDAA ဥက္ကဋ္ဌ ဦးထိန်လင်းကလည်း အထူးဒေသ(၄) အနေဖြင့် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီအရေး၊ ပညာရေးကဏ္ဍ မြှင့်တင်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝ တည်ငြိမ် အေးချမ်းရေးတို့အပေါ် ထားရှိသည့် နိုင်ငံတော်၏ သဘောထား လမ်းညွှန်ချက်များကို ထောက်ခံလျက်ရှိကြောင်း၊ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေး ဖြစ်စဥ်တိုင်းတွင်လည်း အပြုသဘောဆောင် တက်ကြွစွာ ပါဝင်ပြီး နယ်စပ်ဒေသ ရေရှည် တည်ငြိမ်အေးချမ်းရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။

NDAA သည် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကနေ ခွဲထွက်ပြီး ၁၉၈၉ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်း ရေး ရယူ၍ မိုင်းလား၊ ဆီလူးနှင့် နမ့်ပန်းဒေသတို့ကို စုစည်း၍ အထူးဒေသ(၄)အဖြစ် ကိုယ်ပိုင်အုပ်ချုပ်လျက်ရှိ သည်။

အဆိုပါ ဒေသများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် အသိအမှတ်ပြုထားခြင်း မရှိသည့်အတွက် NDAA က မိုင်းလား၊ ဆီလူးနှင့် နမ့်ပန်းဒေသတို့ကို စုစည်း၍ အာခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုလျက်ရှိသည်။

လက်ရှိတွင် NDAA သည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ ပါဝင်သော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်သည်။