CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၈

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့ကို နိုင်ငံရေးပါတီ ၄ ပါတီက ပူးတွဲဦးဆောင်ကြကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ ၄ ပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ပါတီ (PP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) နှင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးခင်မောင်သိန်းက “မှတ်ပုံတင်ပြီးသားပေါ့၊ အဲဒီအချိန်ထိက ၄၇ ပါတီရှိတယ်။ သူတို့ NSPC က ၄၇ ပါတီလုံး ဖိတ်တယ်။ ဒါပေမဲ့ ၂ ပါတီက မတက်နိုင်ဘူးပေါ့ဗျာ၊ ၄၅ ပါတီ တက်ပါတယ်။ ၄၅ ပါတီကနေ နိုင်ငံရေးပါတီ အစုအဖွဲ့ အဖွဲ့ဝင် ၁၆ ဦး ရွေးတာပေါ့ဗျာ၊ ၁၆ ဦး ရွေးခဲ့ကြတယ်။ အဲဒီမှာ အဖွဲ့ခေါင်းဆောင်၊ ဒုခေါင်းဆောင်တွေ ရွေးခိုင်းတာပေါ့လေ၊ NSPC က ဒီမှာတော့ ကျနော်တို့ ညှိလိုက်တော့ အထူးသဖြင့် ခေါင်းဆောင်၊ ဒုခေါင်းဆောင် လုပ်ဖို့အတွက်ကို ၄ ပါတီထွက်တာပေါ့ဗျာ၊ ၄ ပါတီက ရှမ်း ကျားဖြူလေ။ ဦးစိုင်းအိုက်ပေါင်းတို့ ပါတီရယ်၊ USDP ရယ်၊ နောက်တစ်ခါ ဦးကိုကိုကြီးပါတီရယ်၊ ဒေါက်တာအေးမောင်ပါတီရယ်၊ အဲဒီ ၄ ပါတီ၊ အဲဒီတော့ အဲဒီ ၄ ပါတီကို တော့ ကျနော်တို့ ခေါင်းဆောင်၊ ဒုခေါင်းဆောင်ရွေးဖို့ ညှိကြတဲ့အခါကြတော့ ကာယကံရှင်တွေကိုယ်တိုင် ညှိလို့ရ မယ်ဆိုလို့ သူတို့ကို တာဝန်ပေးလိုက်တာပေါ့၊ သူတို့ ၄ ယောက်စလုံးကတော့ ခေါင်းဆောင်တွေပဲ အတူတကွ တွဲလုပ်ကြမယ်ဆိုပြီးတော့ အဲဒီလိုပဲ ဆုံးဖြတ်ပြီးတော့ အပေါ်က တင်ပေးလိုက်တယ်။ အဲဒီအခြေအနေအထိ ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့နိုင်ငံရေးပါတီများ တွေ့ရစဉ်

UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ပြီးခဲ့သည့် မေလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) တွင် ပါတီမှတ်ပုံတင်ခွင့် ကျထားသည့် ပါတီ ၄၇ ပါတီမှ ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရန် NCA စာချုပ်တွင် ပြဋ္ဌာန်းထားသည်။

ဦးဆောင်မှုတာဝန်ယူထားသော နိုင်ငံရေးပါတီ ၄ ပါတီမှာ အချိန်ပြည့်ဦးဆောင်ကာ ငြိမ်းချမ်းရေး၊ နိုင်ငံရေးများကို လုပ်ဆောင်ရမှာဖြစ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့နိုင်ငံရေးပါတီများ တွေ့ရစဉ်

၎င်းက “၁၆ ပါတီကို အဓိက သူတို့က အချိန်ပြည့် ဦးဆောင်ပြီးမှ သူတို့က လုပ်မှာ၊ ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး ရဖို့ပေါ့၊ ငြိမ်းချမ်းရေး ရဖို့ဆိုတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ပေါ့။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း EAO အဖွဲ့အစည်းနဲ့ ကျနော်တို့ နိုင်ငံရေးပါတီ၊ အခုလက်ရှိ တပ်မတော်၊ အစိုးရရယ် တွဲပြီးမှ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်၊ တချို့တွေလည်း ပြင်နိုင်ရုံမကပါဘူး။ ထပ်ဖြည့်တာတို့ ရှိပါတယ်။ သုံးဖက် ဆွေးနွေးတိုင်ပင်ပြီးမှ ဖွဲ့စည်းပုံ ပြင်စရာရှိရင်လည်း ပြင်မယ်၊ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ သူတို့အဓိက လိုလားတောင်းတတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးသင့်တာတွေ ပေးမယ်၊ နိုင်ငံရေးပါတီ တွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လိုအပ်ချက်တွေရှိတာကို ဒီအချက်တွေ ဒီအချက်တွေ ပြုပြင်မယ်ပေါ့။ အားလုံးသဘောတူပြီးမှ သူတို့ သဘောတူ လက်မှတ်ထိုးပြီးရင်တော့ နောင်ရွေးကောက်ပွဲပြီးမှ နောင်တက်လာတဲ့ အစိုးရ လွှတ်တော်မှာပေါ့၊ ပြင်ထားတဲ့ဟာတွေကို အတည်ပြုပြဋ္ဌာန်းပြီးမှ လုပ်ငန်းစဉ်တွေ ဆက်လုပ်ဖို့ အဓိက တော့ သူ့ရဲ့ရည်ရွယ်ချက်က အဲဒီလို” ဟု ပြောသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကို ၂ ကြိမ်ထပ်မနည်း ဖွဲ့စည်းထားပြီးဖြစ်သော် လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထိရောက်မှု မရှိကြောင်း၊ ထို့အတူ ပြည်သူလူထုနှင့် နိုင်ငံတကာ သံတမန် အသိုင်းအဝိုင်းမှလည်း စိတ်ဝင်စားမှု မရှိဘဲဖြစ်နေကြောင်း နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ထားသည်။