CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၇

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆော်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ သဘောတူခဲ့ကြောင်း သိရသည်။

NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ် အဖွဲ့ခေါင်းဆောင် စိုင်းအိုက်ပေါင်း ဦးဆောင်သည့် အလုပ်အဖွဲ့ကိုယ်စားလှယ်တို့ ဧပြီ ၆ ရက်က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေး၍ သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းအိုက်ပေါင်းက”အဓိကတော့ ပုဒ်မ ၂၆၁ ပေါ့နော်၊ ပုဒ်မ ၂၆၁ ကို ပြည်နယ်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်နဲ့ တိုင်းလွှတ်တော်ကနေပြီးတော့ ရွေးဖို့ပေါ့၊ ရွေးပြီးတော့ ခန့်ဖို့ရယ်၊ ရွေးချယ်ပြီးတော့ သမ္မတကနေပြီးတော့ အတည်ပြုပေးဖို့၊ အဲဒါပါ။ ကျနော်တို့က နောက်ထပ် အချက်တစ်ချက် ထည့်လိုက်သေးတယ်လေ၊ အချက် တစ်ချက်ဆိုတာက ဥပမာအားဖြင့် ပြည်နယ်သေးတဲ့ အပိုင်းတွေပေါ့၊ ဥပမာ ကယားတို့၊ ကရင်တို့ဆိုတာ မြို့နယ်က ၇ ခုပဲ ရှိတယ်လေ၊ မြို့နယ် ၇ ခုဆိုတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၄ ယောက်ပဲ တက်လာမယ်နော်၊ ပြည်နယ်လွှတ်တော် ၁၄ ယောက်ပဲ တက် လာမယ်ဆိုတော့ အဲဒီထဲက တကယ်လို့ တချို့ လုပ်နိုင်တဲ့ အရည်အချင်းပြည့်စုံတဲ့ပုဂ္ဂိုလ် မပါလာဘူးဆိုလို့ရှိရင်၊ အဲဒီပြည်နယ် မှာ ရှိတဲ့၊ ပုဂ္ဂိုလ်တွေ၊ ဒေသခံတွေကိုလည်း ရွေးချယ်နိုင်ဖို့ ဆိုပြီးတော့ အချက်တစ်ချက် ထည့်ထားပေးလိုက်တယ်”ဟု ပြော သည်။

NSPNC နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ ဆွေးနွေးစဉ်

ထို့နောက် တချို့သော လွှတ်တော်ကိုယ်စားလှယ်များမှ အသက်အရွယ် ငယ်နိုင်ကြောင်း၊ အတွေ့အကြုံ နည်းနိုင်သည့် အတွက် ပြည်နယ် လွှတ်တော် ၁၄ ယောက်ထဲက မရွေးချယ်နိုင်ပါက ယင်းနေရာကို ပြည်နယ်ထဲမှ ပုဂ္ဂိုလ်တစ်ဦးဦးကို ရွေးချယ်နိုင်ရန် အချက်တစ်ချက် ထည့်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ပုဒ်မ ၂၆၁ ကို နိုင်ငံရေးပါတီနှင့် အစိုးရမှ ပြင်ဆင်၍ မရကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်က ပြင်ဆင်၍ရကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

ဒေါက်တာ အေးမောင်က “ဖွဲ့စည်းပုံပြင်ရေးဆိုတာ နိုင်ငံရေးပါတီတွေနဲ့ အစိုးရနဲ့ ဆွေးနွေးလို့ရတဲ့ဟာ မဟုတ်ဘူး၊ လွှတ် တော်က ပြင်မှရမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေ၊ လက်ရှိအစိုးရ ပြင်လို့လည်း မရဘူး၊ အရင်အစိုးရ ပြင်လို့လည်း မရဘူး၊ သူ့ရဲ့ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်အရ ၂၀၀၈ အရဆိုရင် လွှတ်တော်ကပဲ ပြင်ရမှာ၊ အဲတော့ အခုက NSPNC နဲ့ နိုင်ငံရေးပါတီ အစု အဖွဲ့လောက်က သဘောတူပါတယ်ဆိုတဲ့ အချက်က အချက်တစ်ခုတော့ ဖြစ်သွားတာပေါ့၊ အဖြေတစ်ခုတော့ ရသွားမှာပေါ့၊ ဒါပေမဲ့ အဲလိုပြင်တဲ့ နိုင်ငံရေးပါတီတွေက လွှတ်တော်ကို ရောက်ပါ့မလားဆိုတာက အဓိကပြဿနာ၊ NSPNC ကတော့ တပ် က သဘောတူလို့ ဘယ်လိုပဲဖြစ်ဖြစ်၊ သူ့ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်တွေက လွှတ်တော်ကို ရောက်မယ်လေ၊ အခု UPDJC မှာပါတဲ့ နိုင်ငံရေးပါတီတွေကို လူထုက ဘယ်လောက် ထောက်ခံပြီးမှ လာမယ့်ရွေးကောက်ပွဲမှာ အမတ်ဘယ် လောက် ရမှာလဲဆိုတာ အရေးကြီးတာပေါ့၊ အမတ်ကပဲ ပြင်လို့ရတာလေ၊ ပါတီကိုယ်စားပြုတဲ့ အမတ်ကပဲ ရတာလေ”ဟု ပြောသည်။

ဒေါက်တာအေးမောင်ကို တွေ့ရစဉ်

ထို့နောက် ပုဒ်မ ၂၆၁ ကို ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဒုတိယအကြိမ် လွှတ်တော်မှာ ပြင်ဆင်ရန် တပ်မတော်သားများ အဆိုတင်သွင်းခဲ့ကြောင်း၊ NLD က ကန့်ကွက်၍ ပျက်သွားခဲ့ကြောင်း ၎င်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတသည် ဒေသဆိုင်ရာ လွှတ်တော်အမတ်များထဲမှ ၎င်းလိုလား သူကို ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သည်။