CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၇

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ရန်ကုန်မြို့ရှိ နေအိမ်မှာ သေနတ်ဖြင့် ပစ်ခတ်ခံရသည်ဟု လူမှုကွန်ရက်စာမျက်နှာနှင့် သတင်းဌာနတချို့တွင် ရေးသား ထုတ်လွှင့်မှုများ တွေ့ရသည်။

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ရွှေဂုဏ်ရိပ်မွန်အိမ်ရာရှိ နေအိမ်တွင် ယနေ့(ဧပြီ ၇ ရက်) နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း၊ သေဆုံးခြင်း ရှိ/မရှိကိုတော့ မသိရသေးကြောင်း Popular သတင်းဌာနက ရေးသားထားသည်။

တခြား တစ်ဖက်မှာတော့ Eleven သတင်းဌာနကတော့ ဒေါ်သန်းသန်းဆွေသည် ရွှေဂုံရိပ်မွန်အိမ်ရာ တိုက် ၅ သုံးလွှာအခန်း ၁၄ တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း၊ ၎င်းနေအိမ်တွင် ရှိနေစဉ် တံခါးဖွင့်ပေးချိန်၌ အပစ်ခံ ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က “ကျနော်လည်း အဆက်အသွယ်မရလို့ ကျနော်လည်း အခုအစည်းအဝေး တက်နေတာ၊ မနေ့က သူက ရန်ကုန်ဆင်းသွားတာ။အခု အဆက်အသွယ်မရသေးဘူး။ အခုမှ လိုင်းပေါ်တက် လာတာ လိုက်စစ်ဖို့လုပ်နေတာ။ ကျနော်လည်း အခုမှ အစည်းအဝေးခန်းက ထွက်လာတာ။ လိုင်းပေါ်မှာ တော်တော်ပြန့်နေတယ်လို့ ပြောတယ်။ ကျနော်တို့ဆီကတော့ ဘာမှသတင်းပို့တာတော့ မရှိသေးဘူး၊ ကျနော် လည်း စုံစမ်းလိုက်ပါအုံးမယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး နစကသတင်းထုတ်ပြန်ရေးအဖွဲ့ထံ CNI သတင်းဌာနက ဆက်သွယ် မေးမြန်းနေသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။