CNI International News

ခါတွမ်၊ ဧပြီ ၇

၂၀၁၉ ခုနှစ်တုန်းက ဆူဒန်သမ္မတဟောင်း အိုမာအယ်လ်ဘာရှားကို ပြုတ်ကျစေခဲ့သည့် လူထုအုံကြွမှုနှစ်ပတ်လည်နေ့ ဂုဏ်ပြု သည့် အနေဖြင့် ထောင်နှင့်ချီသော ဆူဒန်ပြည်သူများ လမ်းမများပေါ် ချီတက်ခဲ့ကြပြီး စစ်တပ်၏ အာဏာဆက်လက် ချုပ်ကိုင် ထားမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

အယ်လ်ဘာရှားကို ဖယ်ရှားပြီးနောက် ဆူဒန်၌ နှစ်နှစ်ကြာ အရပ်သားအုပ်ချုပ်ရေးအသွင်ကူးပြောင်းမှုအား လမ်းချော်သွား စေခဲ့သည့် ယမန်နှစ်၊ အောက်တိုဘာလ စစ်တပ်အာဏာသိမ်းမှုကို လူထုကန့်ကွက်သည့် အထိမ်းအမှတ်အဖြစ် ခါတွမ်းမြို့ တော်နှင့် မြို့ပြင်ဘက်များတွင် စုဝေးချီတက်ခဲ့ကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဆူဒန်နိုင်ငံ၏ စီးပွားရေး အခြေအနေသည် ဆိုးရွားလာခဲ့ပြီး နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်းမှာ အဆမတန် မြင့်တက်လာခဲ့သည်။

“ကျနော်တို့ရဲ့ သူရဲကောင်းတွေဟာ အရပ်သားအစိုးရ ပေါ်ပေါက်ရေး ကတိပေးတဲ့အတွက် ဒီနေ့ အခုလိုမျိုး လမ်းပေါ်ထွက် ချီတက်တာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် အသက် ၃၄ နှစ်အရွယ်ရှိ ယူစွတ်အဗ္ဗဒူလာက အယ်လ်ဂျာဇီးယား သို့ ပြောသည်။

“မတူကွဲပြားမှုတွေနဲ့ အရပ်သား အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့ မျှော်လင့်ပြီး ကျနော်တို့ အခုအချိန် ကြိုးစားလှုပ်ရှားနေတာ ဖြစ်ပါတယ်” ဟု အယ်လ်ဘာရှားအစိုးရကို ဆန့်ကျင်ခဲ့ဖူးသည့် ဆူဒန်ခုခံတွန်းလှန်ရေးကော်မတီ ကွန်ရက်အဖွဲ့ဝင်လည်း ဖြစ် သူ ယူစွတ်အဗ္ဗဒူလာက ဆက်ပြောသည်။

ဆူဒန်သမ္မတဟောင်း အိုမာအယ်လ်ဘာရှားကို တွေ့ရစဉ်(GETTY IMAGES)

ခါတွမ်မြို့တော်အတွင်း ဆန္ဒပြသူများကို ရဲများက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး စစ်တပ်ဌာနချုပ်ကို စစ်သားများ၊ ဘလိတ်ဓား သွပ်ဆူးကြိုးများနှင့် စစ်ကား ဆယ်ဂဏန်းမျှတို့ဖြင့် ပိတ်ဆို့ထားခဲ့သည်။

အယ်လ်ဘာရှားအစိုးရ ပြုတ်ကျပြီးနောက်ပိုင်း အာဏာသိမ်းခဲ့သည့် စစ်ကောင်စီ၏ ဆွေးနွေးမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လကလည်း လုံခြုံရေးတပ်ဖွဲ့များ ကြမ်းတမ်းစွာ ဖြိုခွင်းခဲ့ကြရာ ရာနှင့်ချီသော ဆန္ဒပြသူများ သေဆုံးခဲ့ရသည့် ဖြစ်စဉ် ရှိခဲ့သည်။

အသက် ၂၂ နှစ်အရွယ် ဆေးကျောင်းသူ ဆာဂျီဒါအယ်လ်မူဘာရတ်က ၎င်းအနေဖြင့် စစ်တပ်အလိုမရှိ၍ ယခုကဲ့သို့ ဆန္ဒပြနေ ခြင်းဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသို့ ရှင်းပြသည်။

“စစ်တပ်က စစ်တန်းလျားပြန်ပြီး အရပ်သားတွေပဲ နိုင်ငံရေးလုပ်ကြဖို့ စစ်တပ်ကို ပြောချင်တယ်” ဟု ဆေးကျောင်းသူက ပြော သည်။

ဆူဒန် ခုခံတွန်းလှန်ရေး ကော်မတီ၏ တောင်းဆိုချက်များသည် လက်တွေ့မကျကြောင်း ဝေဖန်သူများက ထောက်ပြခဲ့ကြ သော်လည်း စစ်တပ် အာဏာချုပ်ကိုင် ထားခြင်းကို မဖြစ်မနေ တွန်းလှန်ကြရမည်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများ ပါဝင် သည့် ကွန်ရက်အဖွဲ့ဝင်များက အခိုင်အမာ ပြောကြားနေခဲ့ ကြသည်။

Source: Aljazeera