CNI International News

တူနစ်၊ မတ်လ ၃၁

ပြီးခဲ့သည့် ၈ လကျော်ကတည်းက လွှတ်တော်ကို ဆိုင်းငံ့လျက် အာဏာကို တစ်ဦးတည်းဆုပ်ကိုင်ထားခဲ့သော တူနီရှားသမ္မတ ကီယက်ဆီရတ်သည် မတ်လ ၃၀ ရက်တွင် တိုင်းပြည်၏လွှတ်တော်ကို လုံးဝဖျက်သိမ်းကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းမှ ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

“ဒီကနေ့ သမိုင်းအလှည့်အပြောင်းအခိုက်အတန့်မှာ နိုင်ငံတော်နဲ့အဖွဲ့အစည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်အစည်းအဝေးတွေ ဖျက်သိမ်းလိုက်တဲ့အကြောင်း ကြေညာပါတယ်” ဟု သမ္မတ ကီယက်ဆာအိ (Kais Saied) က ကြေညာခဲ့သည်။

တူနီရှားလွှတ်တော်အမတ်များ စုံညီအစည်းအဝေးကို အွန်လိုင်းမှ ကျင်းပပြီးနောက် နာရီပိုင်းအကြာတွင် အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေး ဆက်လက်ကျင်းပခဲ့ရာ သမ္မတ၏ခြွင်းချက်အစီအမံများကို ဆန့်ကျင် သည့် ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် အွန်လိုင်းလိုင်းအစည်းအဝေးအပြီးတွင် တူနီးရှားတရားရေးဝန်ကြီး လယ်လာဂျက်ဖယ် (Leila Jeffal) က လွှတ်တော်အဖွဲ့ဝင်များအပေါ် ဆိုင်းငံ့ထားမှုအား နိုင်ငံတော်လုံခြုံရေး ပူးပေါင်းကြံစည်မှုဖြင့် စုံစမ်းစစ်ဆေး အမှုဖွင့်ပေးရန် ရှေ့နေချုပ်အား တောင်းဆိုခဲ့သည်ဟု ပြည်တွင်းမီဒီယာတစ်ခုက သတင်းဖော်ပြခဲ့သည်။

သမ္မတ၏လုပ်ရပ်သည် လွှတ်တော်၏လှုပ်ရှားလည်ပတ်မှုအပေါ် အာဏာသိမ်းရန်ကြိုးပမ်းမှုအဖြစ် ရှုတ်ချခဲ့ပြီး အစိုးရတာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်ကို သစ္စာဖောက်ရာကျကြောင်း တရားရေးဝန်ကြီးက စွပ်စွဲပြောကြား ခဲ့သည်။

တူနီးရှားလွှတ်တော်အမတ်များသည် ၎င်းတို့၏လွှတ်တော်ကို ဆိုင်းငံ့ထားသည့် သမ္မတအမိန့်များအား ရုပ်သိမ်းရန် နှင့် ကီယက်ဆာအိထံသို့ အာဏာအားလုံးအပ်နှင်းရန် မတ်လ ၃၀ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါ လွှတ်တော်အမတ်များ၏အစည်းအဝေးသည် တရားမဝင်ကြောင်း အာဏာပိုင်ဘက်မှ ငြင်းဆိုထားသော်လည်း အွန်လိုင်းအစည်းအဝေးတစ်ခုတွင်တော့ သမ္မတကို အတိအလင်းဖီဆန်လာခဲ့သည်။

နိုင်ငံရေးသမားများအပေါ် လူထုစိတ်ပျက်လာချိန် ၂၀၁၉ ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံရသူ ဥပဒေ ပါမောက္ခဟောင်း ကီယက်ဆာအိသည် ယမန်နှစ် ဇူလိုင်လ ၂၅ ရက်တွင် အစိုးရ၏လုပ်ပိုင်ခွင့်များကို တစ်ဦး တည်းသိမ်းကျုံးဆုပ်ကိုင်ကာ လွှတ်တော်အစည်းအဝေးများ ဆိုင်းငံ့စေခြင်းဖြင့် တစ်ဖက်လှည့်နည်းသုံး၍ အာဏာယူထားခဲ့သည်။

နောက်ပိုင်း သမ္မတသည် တိုင်းပြည်အုပ်ချုပ်ရန်နှင့်ဥပဒေပြုရန်တို့အတွက် သူ့ကိုယ်သူ အာဏာအပ်နှင်းခဲ့သည်။ အဆိုပါလုပ်ရပ်သည် ၂၀၁၁ ခုနှစ် အာရပ်နွေဦး လူထုအုံကြွမှု၏ စတင်ပေါက်ဖွားရာ တူနီရှားနိုင်ငံအတွက် ဒီမို ကရေစီလမ်းကြောင်း ထပ်မံထိုးနှက်ချက်အဖြစ် နိုင်ငံရေးပြိုင်ဘက်များက ရှုမြင်ခဲ့ကြသည်။

တိုင်းပြည်ကို နှစ်ရှည်လများ အုပ်ချုပ်ခဲ့သူ ဇင်အီးအိုင်အဘီဒင်းဘင်အလီ (Zine EI Abidine Ben Ali) ကို ဖြုတ်ချခဲ့ပြီးနောက် အာရပ်နွေဦးတော်လှန်ရေးအလွန်ကာလ မကြာခဏ နိုင်ငံရေးစနစ် ချောင်ပိတ်မိချိန်တွင် ဆာအိ အာဏာရလာခဲ့ရာ အစောပိုင်းတွင် တူနီးရှားနိုင်ငံသားများက ၎င်းကို ကြိုဆိုထောက်ခံခဲ့ကြသည်။

Source: Aljazeera