CNI International News

လန်ဒန်၊ ဧပြီ ၂၀

ယူကရိန်းကို စစ်ရေးအကူအညီ တိုးမြှင့်ပေးခြင်းနှင့် မဲဆွယ်စည်းရုံးရန်အတွက် Covid-19 စည်းကမ်း ချိုးဖောက်မိခဲ့ ခြင်းတို့ အတွက် လွှတ်တော်သို့ တောင်းပန်စကား ပြောခဲ့ရသော ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ၎င်း၏ပြည်တွင်း၌ နိုင်ငံရေးအရ ဆန့်ကျင်ဝေဖန်မှုများ ရင်ဆိုင်နေရကြောင်း အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။

ဗြိတိန်နိုင်ငံသားများအပေါ် ကပ်ရောဂါဆိုင်ရာ Lockdown ချထားချိန်၌ ဝန်ကြီးချုပ်ဖြစ်သူက ထိုစည်းမျဉ်းကို ချိုးဖောက်ခဲ့မိ၍ နောင်တရကြောင်း၊ ယူကရိန်းအကျပ်အတည်းနှင့် တစ်ဆက်တည်း ဖြစ်သွားခဲ့သဖြင့် ဘောရစ်ဂျွန်ဆင်မှာ ထပ်တလဲလဲ ဝေဖန် ထိုးနှက်မှုများ ခံခဲ့ရသည်။

ဧပြီ ၁၉ ရက်၊ အောက်လွှတ်တော် အစည်းအဝေး၌ ဂျွန်ဆင်က ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း လန်ဒန်မြို့ lockdown ချထား စဉ် ၎င်း၏မွေးနေ့ပွဲ ကျင်းပမိခဲ့ခြင်းအတွက် တောင်းပန်စကား ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ ရုရှားသမ္မတ ဗလာဒီမာပူတင် အမိန့်ပေးခဲ့သော ထိုးစစ်ကို ကိယက်ဗ်အစိုးရ ခုခံချေမှုန်း နိုင်ရန် အတွက် စစ်ရေးအကူအညီ တိုးမြှင့်ပေးရေး ဂျွန်ဆင်က လွှတ်တော်သို့ တောင်းဆိုခဲ့သည်။

“ဒီဖြစ်စဉ်အပေါ် လူအတော်များများက ဒေါသထွက်ပြီး စိတ်ပျက်နေတယ်ဆိုတာ ကျနော် အတိအကျ သိပါတယ်။ ယူကရိန်း နိုင်ငံထဲကို ပူတင်ရဲ့ ရိုင်းစိုင်းရက်စက်တဲ့ ထိုးစစ်ဆင်ခဲ့တာကို ဗြိတိန်ရဲ့ အကောင်းဆုံး အစဉ်အလာတွေနဲ့ တုံ့ပြန်ပေးဖို့ ပိုပြီး တာဝန်ကြီးတယ်လို့ ခံစားမိပါတယ်” ဟု ဝန်ကြီးချုပ် ဂျွန်ဆင်က ပြောကြားခဲ့သည်။

ဇာလန်းစကီးနဲ့ ဘောရစ်ဂျွန်ဆင်ကို တွေ့ရစဉ်(GETTY IMAGES)

မိမိသည် ယူကရိန်းစစ်ရေး ပဋိပက္ခ စတင်စဉ် ကတည်းက ကိယက်ဗ်မြို့တော်သို့ ပထမဆုံး လာရောက်သည့် G-7 အုပ်စု ခေါင်းဆောင်ဖြစ်ကြောင်း ဂျွန်ဆင်က မှတ်ချက်ချခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့် ၄ နာရီကျော်ကြာ တွေ့ဆုံခဲ့သည့် ဧပြီ ၉ ရက် ယူကရိန်းခရီးစဉ်ကို ဂျွန်ဆင်က ပြန်လည် ရှင်းပြခဲ့ပြီး ယခင်သီတင်းပတ်များ၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ ဥရောပခရီးစဉ်ကိုလည်း အကျဉ်းချုပ် ပြောကြားခဲ့ သည်။

ယခင် ဆိုဗီယက်ပြည်ထောင်စု အုပ်စုဟောင်းဖြစ်ခဲ့သည့် ယူကရိန်းကို ရေရှည်စစ်ရေး တည်ဆောက်မှု ပြုနိုင်ရန်အတွက် ဘောရစ်ဂျွန်ဆင်က အမေရိကန်သမ္မတနှင့်အတူ လက်တွဲ၍ တောင်းဆိုဆော်ဩပေးခဲ့သည်။

“ကျနော်တို့ရဲ့ ရေရှည် ရည်မှန်းချက်ကတော့ ရုရှား နောက်တစ်ကြိမ် မကျူးကျော်ရဲတဲ့အထိ ယူကရိန်းကို အခိုင်အမာ ရှိနေစေ ဖို့ ဖြစ်တယ်” ဟု ၎င်းက ဘိုင်ဒန်ကို ပြောကြားခဲ့သည်။

Source: အာရ်တီ