CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် ကျောက်မဲခရိုင်တရားသူကြီးချုပ် အပါအဝင် လူ ၉ ဦးကို ပလောင်ပြည်လွတ် မြောက်ရေးတပ်ဦး(PSLF/TNLA)က ဧပြီ ၁၉ ရက်က ဖမ်းဆီးသွားကြောင်း သိရသည်။

TNLA တပ်ဖွဲ့ဝင်များသည် နမ့်ဆန်မြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရေး အခြေအနေများကို စစ်ဆေး နေစဉ် ကျောက်မဲခရိုင်တရားသူကြီးချုပ် အပါအဝင် လူ ၉ ဦးက နမ့်ဆန်မြို့သို့ ရုံးဖွင့်ပွဲ တစ်ခုကို တက်ရောက်ရန်အလာ လမ်းမှာ တွေ့ရှိ၍ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

TNLA မှ ဗိုလ်မှူးမိုင်းအိုက်ကျော်က “မနေ့က နေ့လည် ၁၁ နာရီလောက် နမ့်ဆန်မြို့နယ်နဲ့ ကျောက်မဲ ကားလမ်း၊ လမ်းခွဲမှာ ကျနော်တို့ စစ်ဆေးမှု ပြုလုပ်တဲ့အခါ သူတို့က တရားသူကြီးပေါ့နော်၊ ကျောက်မဲခရိုင်တရားသူကြီးရယ်၊ မန်တုံမြို့နယ် တရား သူကြီးရယ်၊ နမ့်ဆန်မြို့နယ် တရားသူကြီးရယ် သူတို့ အဖွဲ့ အကုန်လုံး ၉ ဦးရှိတယ်၊ ဒီဖမ်းဆီးထားတာတော့ မှန်တယ်၊ စစ် ဆေး မေးမြန်းစရာရှိလို့ သူတို့က ခဏထိန်းသိမ်းထားတယ်၊ ဘာဆက်လုပ်မလဲဆိုတာတော့ မသိရသေးဘူး၊ အထက်ကလည်း ဘာမှချပြတာ မရှိတော့ ဘာဆက်လုပ်မယ်ဆိုတာ မသိရသေးဘူး”ဟု CNI သို့ ပြောသည်။

ထို့နောက် ကျောက်မဲခရိုင်တရားသူကြီးချုပ် အပါအဝင် လူ ၉ ဦးကို TNLA က ဖမ်းဆီးသွားခြင်းနှင့်ပတ်သက်ပြီး နစကထံ ဆက်သွယ် မေးမြန်းသော်လည်း လက်ရှိအချိန်ထိ ပြန်လည် ဖြေကြားခြင်း မရှိပေ။

ကျောက်မဲခရိုင်တရားရုံး

ဖမ်းဆီး ထိန်းသိမ်း ခံထားရသူများမှာ ကျောက်မဲခရိုင် တရားသူကြီးချုပ် ဦးမောင်မောင်အေးနှင့် ဇနီးဖြစ်သူ ဒေါ်ခင်ဌေးရီ၊ တရားသူကြီး ၂ ဦး၊ ဥပဒေအရာရှိ ၁ ဦး၊ ဦးစီးရုံးစာရေး ၁ ဦး၊ ရှေ့နေ ၂ ဦး၊ အငယ်တန်း စာရေး ၁ ဦးတို့ ဖြစ်ကြောင်း ရွှေဖီမြေ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

နမ့်ဆန် ဒေသခံတစ်ဦးက ခရိုင်တရားသူကြီး အပါအဝင် လူ ၉ ဦး ဖမ်းဆီးသွားသည့် ကိစ္စကို ကြားသိရသော်လည်း သတင်း အတိအကျ အတည်မပြုနိုင်သေးကြောင်း ပြောသည်။

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူ စသည့် မြို့နယ် များ အပါအဝင် မန္တလေး တိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တို့တွင် လှုပ်ရှားလျက်ရှိသော ပလောင်လက်နက်ကိုင်အဖွဲ့ ဖြစ် သည်။

အဆိုပါ TNLA အဖွဲ့သည် အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Bilateral) ထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်း မှုများ ရှိနေသော အဖွဲ့ဖြစ်သည်။