CNI International News

လန်ဒန်၊ စက်တင်ဘာ ၂၀

ဂျိုးဘိုင်ဒန်သည် ကမ္ဘာပေါ်တွင် ဩဇာအာဏာ အရှိဆုံးပုဂ္ဂိုလ်အဖြစ် နေရာအတော်များများ၌ နိုင်ငံတကာ ခေါင်းဆောင်များ စုဝေးမိသည့်အခါတိုင်း ရှေ့ဆုံးနှင့် အလယ်ဗဟိုတွင် နေရာယူစမြဲ ဖြစ်သော်လည်း ဗြိတိန် ထီးသုံးနန်းသုံး တော်ဝင်ဓလေ့ထုံးစံနှင့် နှိုင်းယှဉ်လာသည့်အခါ အနောက်သို့ ရောက်သွားခဲ့ကြောင်း The Telegraph မီဒီယာက ရေးသားဖော်ပြသည်။

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် (၂) ၏ ဈာပနအခမ်းအနားကို စက်တင်ဘာ ၁၉ ရက်၌ ဝက်စမင်စတာ အက်ဗေး ဘုရားကျောင်းမှာ ကျင်းပခဲ့ရာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် သမ္မတကတော်တို့သည် ခန်းမ၏ တောင်ဘက် ခြမ်း၊ ၇ တန်းတွဲ ထိုင်ခုံ၏ အနောက်ဘက်တွင် အစီအစဉ် နေရာချထားပေးမှုအတိုင်း ထိုင်ခဲ့ကြရသည်။

မစ္စတာဘိုင်ဒန်၏ ရှေ့တန်းတွင် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒျူး ထိုင်ခွင့်ရသည်။ ကနေဒါသည် သာမန် အချိန်များတွင် အမေရိကန်၏ ချိုးနှိမ်ခြင်းကို မကြာခဏ ခံရလေ့ရှိသည့် အိမ်နီးချင်းဖြစ်သည်။

ထို့ပြင် ဈာပနအခမ်းအနား ထိုင်ခုံအစီအစဉ်အရ အသက် ၇၉ နှစ်အရွယ်ရှိ ဘိုင်ဒန်သည် ပိုလန်ခေါင်းဆောင် အန်ဒရေးဒူဒါ၏ အနောက်တည့်တည့်သို့ ရောက်သွားခဲ့ပြီး ချက်သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ် ပက်သလစ် ဖီယာလာ က ဘိုင်ဒန်၏ အနောက်ဘက်တန်းတွင် ထိုင်နေခဲ့သည်။

ဗြိတိန်ဘုရင်မကြီး ရုပ်ကလာပ်ကို သယ်ဆောင်နေစဉ် 

အမေရိကန်သမ္မတ ဘိုင်ဒန်ကတော့ သူနှင့် ဘေးကပ်လျက် နေရာရသူ ဆွစ်ဇာလန်သမ္မတ အစ်နာဇီယိုကက်ဆစ် နှင့် စကားလက်ဆုံ ကျနေခဲ့သည်။

ဘုရားကျောင်းအတွင်း ခုံတန်းနှင့်နံရံအကြား မင်းလမ်းနှင့်အပြိုင် တစ်ဖက်တချက်တွင် ဘိုင်ဒန်နှင့် ယှဉ်လျက် ထိုင်နေသူ တစ်ဦးကတော့ တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ ဖြစ်သည်။ ထိုခုံတန်း၏ နှစ်တန်းမြောက်တွင် ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်ကို အစီအစဉ်အတိုင်း နေရာချထားပေးသည်။

ဈာပနသို့ တက်ရောက်လာသည့် ကနေဒါ ကိုယ်စားလှယ်အဖွဲ့တွင် ဘီဘီစီ၏ Killing Eve အစီအစဉ် တင်ဆက်သူ မင်းသမီး စန္ဒရာအိုးလည်း ပါဝင်ခဲ့ပြီး ၎င်းသည် ပြီးခဲ့သည့် ဇွန်လ၌ အနုပညာ အောင်မြင်မှုများအတွက် Order of Canada အဆင့်အတန်း ပေးအပ်ခြင်းခံရသူဖြစ်သည်။

ထို့ပြင် နိုင်ငံတကာ အနုပညာသည် တစ်ဦးဖြစ်သည့် အော်ပရာအဆိုတော် ဒိန်းကီရီတီကာနာဝါသည် နယူးဇီလန် နိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့နှင့်အတူ ဘုရင်မကြီး၏ ဈာပနသို့ တက်ရောက်လာခဲ့ကြောင်း တွေ့ရသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အနောက်ဘက် ခုံတန်းတွင် ဗြိတိန်ဝန်ကြီးချုပ် ဖြစ်ခဲ့ဖူးသူ ၇ ဦးစလုံး စုံညီစွာ တက်ရောက်ခဲ့ကြပြီး သူ့ခုံနှင့်သူ ခန့်ညားစွာ ထိုင်ခဲ့ကြသည်။

ဈာပနအခမ်းအနားသို့ တက်ရောက်လာတဲ့ နိုင်ငံတကာခေါင်းဆောင်များ

၎င်းတို့နှင့်အတူ ဘုရင်မကြီး အဲလိဇဘက် (၂) လက်ထက်တွင် ဝန်ကြီးချုပ် ၁၅ ဦး တိတိရှိခဲ့ရာ ပထမဆုံး ဝန်ကြီး ချုပ်မှာ ဝင်စတန်ချာချီဖြစ်ပြီး နောက်ဆုံး ဝန်ကြီးချုပ်မှာ လက်ရှိတာဝန် ထမ်းဆောင်နေဆဲ လစ်ဇ်ထရက်စ်တို့ ဖြစ် သည်။

လစ်ဇ်ထရက်စ်သည် ဘုရင်မကြီး မကွယ်လွန်မီ ရက်ပိုင်းအလိုမှာပင် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် အတည်ပြုပေးခဲ့သည်။

နိုင်ငံတော်အဆင့် ဈာပန အခမ်းအနားဖြစ်၍ ကမ္ဘာအရပ်ရပ်မှ ခေါင်းဆောင်များအကြား တခါတရံ အဖုအထစ် ဖြစ်လေ့ရှိသော သံခန်းတမန်ခင်းရေးရာ ပြဿနာများကို နော့ဖလော့မြို့စား အားလ်မာရှယ်က တာဝန်ယူ ကြီးကြပ်၍ စီစဉ်ပေးခဲ့သည်။

ဘုရင်မကြီး မကွယ်လွန်မှီ နောက်ဆုံး အသိအမှတ်ပြုပေးခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရက်စ်

ယခု ဈာပနအခမ်းအနား ထိုင်ခုံအစီအစဉ်ကို မည်ကဲ့သို့ ရေးဆွဲထားကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးသို့ The Telegraph မီဒီယာက ဆက်သွယ်မေးမြန်းခဲ့ရာ တယ်လီဖုန်းခေါ်ဆိုမှု အားလုံးကို ဘာကင်ဟမ်နန်းတော်သို့သာ လွှဲပြောင်းပေးခဲ့သည်။

ဝက်စမင်စတာအက်ဗေးတွင် ကျင်းပသော အဆိုပါ အခမ်းအနားသို့ တက်ရောက်ကြသည့် နိုင်ငံတကာ ဧည့်သည် တော်များ ၂,၂၀၀ ရှိသည်။ ဖိတ်ကြားခံရသူ လေးပုံတစ်ပုံ (သို့မဟုတ်) လူ ၅၀၀ ခန့်မှာ နိုင်ငံအသီးသီးမှ ခေါင်းဆောင် အကြီးအကဲများ (သို့မဟုတ်) နိုင်ငံတကာ ဂုဏ်သရေရှိပုဂ္ဂိုလ်များ ဖြစ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ အမေရိကန်သမ္မတ ဘိုင်ဒန်သည် လက်ရှိဗြိတိန်ဘုရင်သစ် ချားလ်စ်၏ ခပ်လှမ်းလှမ်းတွင် ထိုင်ခဲ့ရသည်။ ဘိုင်ဒန်၏ ခုံတန်းနှင့်အတူတူ အခြားတဖက်တွင် တရုတ် ဒုတိယသမ္မတ ဝမ်ကျူရှန် ထိုင်နေခဲ့ ကြောင်း The Telegraph က ရေးသားဖော်ပြထားသည်။

Source: The Telegraph