CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်း တစ်ကျောင်းသည် မြန်မာ့ တပ်မတော် တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၁ ဦး အပါအဝင် အနည်းဆုံး အရပ်သား ၁၃ ဦး သေဆုံးခဲ့ရမှု အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာ ရက်စ်က စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ပြောကြားချက်နှင့်ပတ်သက်ပြီး UNICFE Myanmar က ထုတ်ပြန်ခဲ့သည်။

အန်တိုနီဂူတာရက်စ်က “ လက်နက်ကိုင် ပဋိပက္ခအချိန်များတွင်ပင် ကျောင်းများသည် ကလေးငယ်များအတွက် အကာအကွယ်ပေးနိုင်ပြီး သင်ယူလေ့လာရန် ဘေးကင်းလုံခြုံသော နေရာများအဖြစ် ရှိနေရပါမည်။ စစ်ပွဲများ အတွင်း ကျောင်းများနှင့် ဆေးရုံများအား အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေများနှင့် ဆန့်ကျင်ကာ တိုက်ခိုက်မှုများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ပြစ်တင်ကန့်ကွက်ထားသည့် ကလေး သူငယ်များအပေါ် ကြီးလေးသော ချိုးဖောက်မှု ခြောက်ခုထဲတွင် တစ်ခုပါဝင် ပါသည်”ဟု ပြောသည်။

လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်း တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးနေမှု

ထို့နောက် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေအရ လက်နက်ကိုင် တပ်ဖွဲ့များသည် ကလေး သူငယ်များ အပါအဝင် အရပ်သား ပြည်သူများ၊ အရပ်ဖက် ဆိုင်ရာ အဆောက်အအုံများအား တိုက်ခိုက်ခြင်းမပြု ရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်က ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူများအားလုံးအား တာဝန်ခံမှု ရှိစေရန် ဆောင်ရွက်ရမည်ဟုလည်း ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းပေးထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ မိမိဆန္ဒဖြင့် တပ်မတော်ဆန့်ကျင်တော်လှန်ရေးအတွက် ဖွဲ့စည်းထားသော ဒေသကာကွယ်ရေးတပ်ဖွဲ့(LDF) တို့နှင့် မြန်မာ့တပ်မတော်ကြား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည်။

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ သိန်းချီရှိပြီး နေအိမ် အလုံးပေါင်း ၂၀၀၀၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသော အဖွဲ့ အစည်းများက ထုတ်ပြန်ထားသည်။