CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃

မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အသက်မပြည့်မှီ လုပ်ငန်းခွင် ဝင်နေကြရသည့် ကလေးများအတွက် နစကအနေဖြင့် ကောင်းမွန်သော ပညာရေးစနစ်တစ်ခုကို ဖော်ဆောင်ပေးသင့်ကြောင်း လူ့အခွင့်အရေး လုပ် ဆောင်ပေးသူများက ပြောသည်။

ဆင်းရဲချို့တဲ့သော ကလေးငယ်များနှင့် ငွေကြေး မတတ်နိုင်ဘဲ လမ်းဘေးမှာ တောင်းရမ်းစားသောက် ခြင်းနှင့် ဈေးရောင်းနေကြရသည့် ကလေးငယ်များအတွက် လက်လှမ်းမှီသော ပညာရေးစနစ်တစ်ခုကို ဖော်ဆောင်ပေး သင့်ကြောင်း တအောင်းလူ့အခွင့်အရေးဆိုင်ရာကွန်ရက် အတွင်းရေးမှူး လွေးချီဆငါးက CNI သတင်းဌာနသို့ ပြောသည်။

လွေးချီဆငါးက “အဲ့လိုမျိုး ကလေးတွေ အတွက်ကတော့ ကျမတို့ကတော့ ကလေးတွေ လက်လှမ်းမှီနိုင်တဲ့ ပညာရေးစနစ် တစ်ခုတော့ လမ်းဖွင့်သင့်တယ်လို့ မြင်တယ်။ တစ်ချို့ဆိုရင်တော့ ကိုယ်ထူကိုယ်ထ ကျောင်းဖွင့် လှစ်တာတွေ ရှိသလို တစ်ချို့တွေကျတော့ ဘ.က ကျောင်း ဘုန်းကြီးကျောင်းတွေ ဖွင့်လှစ်တာတွေ ရှိတယ်။ ဒါပေမယ့် ကလေးတိုင်းက လက်လှမ်းမမှီတာ တွေ့နေရတယ်။ အဲ့လိုမျိုး ခုနကပြောနေတဲ့ အလုပ်သမားရုံမှာ ရောက်တဲ့ ကလေးတွေ လမ်းပေါ်မှာ ဈေးရောင်းနေတဲ့ ကလေးတွေဆိုရင်လည်း အဲ့လိုမျိုးပညာရေး စနစ်တွေကို ဖန်တီးပေးနိုင်တယ် ဆိုလို့ရှိရင်တော့ သူတို့လည်း လက်လှမ်းမှီ နိုင်မယ်လို့ ထင်တယ်။ ဘ.က ကျောင်းပဲဖြစ်ဖြစ် ကိုယ်ထူကိုယ်ထ ပရဟိတကျောင်းတွေ ပုံစံမျိုး လုပ်မယ်ဆိုရင်တော့ လက်လှမ်းမှီနိုင်မယ်လို့ ထင်တယ်။ ကလေး တွေက တော်တော်များများ ပညာရေးတစ်ခုတည်း မဟုတ်ဘူးပေါ့နော်။ တခြားကလေးတွေမှာ ရသင့်ရထိုက်တဲ့ တော်တော်များများ မြန်မာပြည်မှာဆိုလို့ရှိရင် ဆုံးရှုံးနေတဲ့ အပိုင်းတွေရော အများကြီး တွေ့နေရတယ်။ တစ် ဒေသနဲ့ တစ်ဒေသ ဆုံးရှုံးမှု နည်းနည်းချင်း ကွာပေမယ့်လည်း ပြန်ချုံငုံ သုံးသပ်ကြည့်မယ်ဆိုရင်တော့ အကုန်လုံး မြန်မာတစ်နိုင်ငံလုံး နီးပါးက တူညီနေတာတွေ တွေ့နေရတယ်ဆိုတော့ ကလေးက ပညာသင်နေရမယ့် အရွယ်မှာ မသင်ရတဲ့ အပိုင်းတွေ အများကြီး တွေ့နေရတယ်ဆိုတော့ တတ်နိုင်တဲ့ဘက်ကနေ နီးစပ်ရာ ပရဟိတကျောင်း ဖြစ် ဖြစ် ဘ.က ကျောင်းပဲဖြစ်ဖြစ် ကလေးတွေကို ပညာရေးစနစ် လက်လှမ်းမှီနိုင်ဖို့အတွက် ဆောင်ရွက်ပေးနိုင်ရင် တော့ ပိုကောင်းနိုင်တယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။

ပညာသင်ကြားနေသော ကလေးငယ်များကိုတွေ့ရစဉ်

မြန်မာနိုင်ငံထဲတွင် တောင်းရမ်းစားသောက်ပြီး ဝင်ငွေရှာသည့် ကလေးများမှာ ယခင်ကထက် နှစ်ဆလောက် တိုးလာပြီး စီးပွားရေး ကျပ်တည်းမှုကြောင့် ပိုမိုများပြားလာကြောင်း ကလေးများအတွက် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပရဟိတပညာသင်ကြားပေးနေသည့် ရေချမ်းစင်ပရဟိတအဖွဲ့ တည်ထောင်သူ ကိုဖြိုးက CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “အဓိကက တိုင်းပြည်စီးပွားရေး နိမ့်ကျလာတယ်။ တခြား အကြောင်းအရင်းတွေလည်း အများကြီးရှိမှာ ပေါ့။ ဘာပဲဖြစ်ဖြစ်ပါ အဓိက ဒီလိုကလေးတွေ ရှိတယ်။ ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ ကလေးတွေ ရှိတယ်ဆိုရင် ကျနော်တို့ အနေနဲ့ ဒါက ကိုယ့်ကိုယ်ကို ဂုဏ်ယူတယ်ပေါ့ ဒီကလေးတွေ အတွက်ကို ဂုဏ်ယူသင့်တယ်ဆိုတဲ့ စိတ် ခံစားချက်နဲ့ ကျနော်တို့မှာ တာဝန်ရှိတယ် လူ့အဖွဲ့အစည်းမှာ တာဝန်ရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ ဒီရေချမ်းစင်ကို စလုပ်ခဲ့တာပါ။ အစက ကျနော်စိတ်ပူတာက သူတို့က စာသင်ရမယ်ဆိုရင် လန့်ပြီးတော့ ကျနော်တို့ဆီကို မလာ တော့မှာ စာသင်ရမှာ ကြောက်တာကို ကျနော်တို့က စိုးရိမ်တာ ဒါပေမယ့် စာသင်တဲ့ အခါကျတော့ တကယ်တမ်း ကလေးတွေက ဒီပညာရေးကို တော်တော်လေးကို စာသင်ချင်ကြတာကို တွေ့ရတယ်။ တော်တော်လေး စာတတ် ချင်ကြတယ်။ ကျနော်တို့ စာလာသင်မှာကို သူတို့စောင့်နေကြတယ်။ အရင်တုန်းကဆိုရင် ၄-၅ ယောက်လောက်နဲ့ စခဲ့တာလေ ကျနော်တို့ လမ်းဘေး စာသင်ဝိုင်းက အခုကျတော့ အရမ်းစာသင်ချင်တဲ့ ကလေး ဦးရေက များပြီး တော့ အခုဆို ကလေးဦးရေ အယောက် ၁၅၀ ကျော် ၁၈၀ လောက် ဖြစ်နေတဲ့ အခြေအနေပေါ့”ဟု ပြောသည်။

နိုင်ငံ၏စီးပွားရေး ကျပ်တည်းမှုနှင့် မိဘ၏ ခိုင်းစေမှု၊ အလုပ်ရှင်များ၏ ခိုင်းစေမှုများကြောင့် အခွင့်အရေး ဆုံးရှုံး နေရခြင်းဖြစ်ပြီး အစိုးရအနေဖြင့် ပြည်သူများ၏ စီးပွားရေးဖူလုံမှုမှာ အစိုးရတွင် တာဝန်ရှိကြောင်း ရခိုင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးမြတ်ထွန်းက “အဓိကတော့ မိဘနဲ့ဆိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေကို အုပ်ထိန်းတဲ့ သူတွေက မိဘပေါ့။ မိဘက တောင်းရမ်းခိုင်းတယ်ဆိုတော့ ဒါကတော့ ကလေးသူငယ် ဥပဒေကို ချိုးဖောက်ရာ ကျနေတယ်။ ဒါကတော့ CRC(Convention on the rights of the Child) ဥပဒေမှာလည်းပါတယ်။ မိဘရော အလုပ်ခိုင်းတဲ့ သူတွေရော တစ်ချို့ အလုပ်ရှင်တွေဆိုရင် အသက်မပြည့်သေးတဲ့ သူကို အလုပ်ခိုင်းတာတွေ ဘာတွေရှိတယ်။ နောက်တစ်ခါ စစ်မှုထမ်းတာတို့ ဘာတို့ရှိ တယ်။ ဒါကတော့ CRC ဥပဒေနဲ့ သက်ဆိုင်တယ်။ အဓိက ကလေးတွေ တောင်းရမ်းစားသောက်တဲ့ဟာနဲ့ ပတ်သက်လို့ မိဘနဲ့အများကြီး သက်ဆိုင်တယ်။ ကလေးတွေက အမှန်တော့ ဒီလိုမဖြစ်ရအောင်ဆိုတာ လူမှုဝန် ထမ်း အဖွဲ့တွေရှိတယ်။ အဲ့ဒီ လူမှုဝန်ထမ်း အဖွဲ့တွေက ဒီလိုမဖြစ်ဖို့အတွက် ကလေးတွေကို အကျင့်စာရိတ္တ ကောင်းဖို့အတွက် ဒီကလေးတွေရဲ့ လမ်းမှန်ကို ရောက်ဖို့အတွက် အစိုးရ အနေနဲ့ လုပ်ဆောင်ပေးသင့်တယ်လို့ ပြောချင်တယ်။ အုပ်ချုပ်တဲ့အစိုးရပေါ်မှာလည်း မူတည်တယ်။ အခုက တိုင်းပြည် ဖရိုဖရဲဖြစ်နေတယ်။ ကုန်ဈေးနှုန်းကြီးတယ်။ ဆန်ဈေးနှုန်းလည်း ကြီးတယ်။ အကုန်လုံး အစစအရာရာ ဈေးကြီးတဲ့ အခါကျတော့ မိဘတွေကလည်း တစ်နေ့လုပ်မှ တစ်နေ့ စားရတာဆိုလို့ရှိရင်တော့ ဒီစားဝတ် နေရေးတွေက အဆင်မပြေဘူး။ သားသမီးတွေကို တောင်းရမ်းခိုင်းတယ်။ ရှာခိုင်းတယ်။ အဲ့လိုပုံစံမျိုး လုပ်ရတာပေါ့။ အဓိက ပြောမယ်ဆိုလို့ရှိရင် အစိုးရနဲ့လည်း သက်ဆိုင်တယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေး အဆင်ပြေဖို့ အစိုးရမှာ တာဝန်ရှိတယ်။ ဒီဟာကိုလည်း အစိုးရက ဖြေရှင်းပေးစေချင်တယ်လို့ ပြောချင်တယ်”ဟု ပြောသည်။

ပညာသင်ကြားနေသော ကလေးငယ်များကိုတွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီးတွင် လိုင်းကားပေါ်များနှင့် လမ်းမပေါ်များ၌ တောင်းရမ်း စားသောက်သည့် ကလေးများကို တွေ့ရသလို လက်လီ/လက်က္ကား ရောင်းသည့် ဈေးကြီးများတွင် ဈေးရောင်းနေရသည့် အသက်မပြည့်သေးသော ကလေးများကို တွေ့ရသည်။

ထို့ပြင် လမ်းမပေါ်များတွင် ပန်းရောင်းနေသည့် ကလေးငယ်များ၊ ရေသန့်များ ရောင်းချသည့် ကလေးများ၊ အမှိုက် ကောက်နေသည့် ကလေးများကို လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ဒလမြို့နယ်တို့တွင် အများဆုံး တွေ့ရကြောင်း ပရဟိတလုပ်သူများက ပြောသည်။

အဆိုပါ ကလေးငယ်များသည် ငွေကြေး မတတ်နိုင်သောကြောင့် ပညာသင်ကြားရေး အခွင့်အရေးများ ဆုံးရှုံးနေ ကြောင်း၊ ထိုကလေးများအတွက် လက်လှမ်းမှီနိုင်သည့် ပညာရေးစနစ်တစ်ခုကို ဖော်ဆောင်ပေးသင့်ကြောင်း လူ့အခွင့်အရေး လုပ်ပေးသူများက ပြောသည်။

မြန်မာနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေတဲ့ ကလေးငယ် ၁ သန်းကျော်ရှိကြောင်း၊ ထိုအထဲမှာ အသက် ၅ နှစ်နဲ့ ၁၇ နှစ်အကြား အရွယ်များဖြစ်ကြောင်း ILO က ထောက်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေသည့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ အကျပ်အတည်းများကြောင့် လည်း မိသားစုများ အနေဖြင့် ကလေးအလုပ်သမားများကို အားကိုးအားထား ပြုရသည့် အခြေအနေ ဆိုက်ရောက် နေကြောင်း ILO ၏ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။