CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၅

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေသည့် အချိန်ကာလအတွင်း တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေသည့် ကလေးများအတွက် ပညာရေးထိခိုက်မှုများ ရှိနေဆဲဖြစ်ကြောင်း တိုက်ပွဲရှောင်အရေး ကူညီလှုပ်ရှားသူများက ပြောသည်။

လက်ရှိတွင် မတည်ငြိမ်မှုများရှိနေဆဲဖြစ်သည့် ကယားပြည်နယ်ထဲက တိုက်ပွဲရှောင်ကလေးများမှာ စိတ်ချ လုံခြုံရသည့် အခြေအနေမရှိခြင်းကြောင့် ပညာသင်ယူမှုမှာလည်း နှောင့်နှေးနေကြောင်း ကယားပြည်နယ် လူ့အခွင့်အရေးဒါရိုက်တာ ကိုဗညားက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်တိုက်ပွဲရှောင် ကလေးများ ပညာသင်ကြားနေစဉ်

ကိုဗညားက “အခုနောက်ပိုင်း ကျောင်းတွေကို ဗုံးကြဲခံရတာတွေ ပိုများလာတာပေါ့နော်။ ကျောင်းနဲ့ အနီးအနား ပတ်ဝန်းကျင်ရွာတွေကို ဗုံးကြဲခံရတာတွေ များလာတော့ ကျနော်တို့ ဘာတွေ့လဲဆိုတော့ ကျောင်းတွေ တော်တော်များများ ပိတ်လိုက်ရတာ တွေ့တယ်။ ကျနော်တို့က ကလေးတွေရဲ့ ပညာရေးအတွက်ဆိုရင် မိဘတွေ အနေ နဲ့  စိုးရိမ်မှုရှိတယ်။ စခန်းထဲမှာဆိုလည်း စခန်းထဲက ကျောင်းတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတာတွေက ရှိလာတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ အဲကြောင့်မို့ ကျောင်းသားမိဘတွေကလည်း ကျောင်းပို့ဖို့အတွက် ကလေးတွေ စိုးရိမ်မှုရှိတဲ့အပြင် ကျနော်တို့ စာရေးကိရိယာတွေ၊ ကျောင်း ဆရာ/ဆရာမတွေအတွက် စတိုင်ပင်လေးတွေ ပေးနိုင်ဖို့ အခက်ခဲရှိတယ်။ ပေးနိုင်ဖို့အတွက်လည်း အခက်ခဲတွေ ရှိတယ်။ ပညာရေးနဲ့ပတ်သက်လာရင် စိုးရိမ် ချက်တွေကတော့ တဖြည်းဖြည်း မြင့်တက်လာတယ်”ဟု ပြောသည်။

စာသင်ကျောင်းများကဲ့သို့ အများပြည်သူပိုင် နေရာများမှာ တစ်ဖက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAOs)များက တိုက်ပွဲဖော်ဆောင်ခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာရခြင်းဖြစ်ကြောင်း သေနင်္ဂမဟာ ဗျူဟာ လေ့လာရေးအဖွဲ့ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းထွန်းဦးက “အရင်တုန်းထဲက ကျနော်တို့က ရွာကိစ္စနဲ့ပတ်သက်ပြီး ဒီလက်နက်ကိုင် အဖွဲ့အစည်းက ဆေးရုံ ပဲဖြစ်ဖြစ်၊ စာသင်ကျောင်းပဲဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းပဲဖြစ်ဖြစ် အဲဒီနေရာမှာ နေရာဝင်ယူပြီးတော့ တပ်ကို သွား ပစ်တဲ့ အခါမျိုးကျတော့ စစ်မြေပြင်ရဲ့ ထိတွေ့တိုက်ခတ်မှု စည်းမျဥ်းစည်းကမ်းအရ ပြန်ပစ်မှာဘဲ အဲလိုအခါမျိုးဆို လို့ရှိရင် ထိခိုက်တဲ့ ဆုံးရှုံးမှုက ဖြစ်လာလိမ့်မယ်။ အဓိကအရေးကြီးတာက အဲဒါမျိုးနဲ့ လွတ်ကင်းတဲ့ နေရာတွေမှာ တိုက်ပွဲဖြစ်ရင်တော့ ပြောစရာမရှိဘူး။ ဒါပေမယ့် ခုနကပြောသလို အဲဒီစာသင်ကျောင်းမှာ ခံတပ်အနေနဲ့ထား တယ်။ ဆေးရုံမှာ ခံတပ်အနေနဲ့ ထားတယ်။ ဘုန်းကြီးကျောင်းမှာ ခံတပ်အနေနဲ့ ထားတယ်ဆိုရင် တကယ့် သုံးစွဲရ မယ့် အများပြည်သူပိုင် ပစ္စည်းတွေ၊ အဆောက်အဦတွေ ဒီလိုနေရာမျိုးတွေမှာ သွားသုံးနေတယ် ဆိုလို့ရှိရင်တော့ ရှောင်လွှဲလို့ ရမှာ မဟုတ်ဘူး။ အဲဒါကတော့ ပြောရရင်တော့ ဒီလက်နက်ကိုင်ပဋိပက္ခရဲ့ ဘေးထွက်ဆိုးကျိူးတွေလို့ပဲ သုံးသပ်ရပါလိမ့်မယ်”ဟု ပြောသည်။

တိုက်ပွဲရှောင် ဒေသတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာတချို့မှာ အရပ်ဖက် အဖွဲ့အစည်းတချို့၏ ကူညီမှုဖြင့် တိုက်ပွဲရှောင် ကလေးများ၏ ပညာရေး အခက်အခဲမရှိကြောင်း အမည်မဖော်လိုသည့် တိုက်ပွဲရှောင်ရွာ သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

KIO ထိန်းချုပ်နယ်မြေက ဂျန်ယန်တိုက်ပွဲရှောင်စခန်းက စာသင်ကျောင်းကိုတွေ့ရစဉ်

၎င်းက “ခုလောလောဆယ်တော့ ဆယ်ရွာမှာဘဲ ကိုယ့်အစီအစဥ်နဲ့ ကိုယ် ဖွင့်ထားတဲ့ ကျောင်းတွေမှာ ကလေးတွေ လိုက်နေတာလေ။ ခုလောလောဆယ် ကျောင်းကတော့ ရွာကလည်း ဝိုင်းပြီးတော့ သင်ပေးကြတယ်လေ။ ရွာက CDM ဆရာမတွေရော၊ Volenteer တွေရော ရွာက အောင်ထားတဲ့ ကလေးလေးတွေရော အကုန်လုံး ဝိုင်းပြီးတော့ သင်ပေးနေကြတယ်”ဟု ပြောသည်။

ထို့အပြင် တိုက်ပွဲယာယီ ရပ်စဲထားသည့် ရခိုင်ပြည်နယ်က တိုက်ပွဲရှောင် ကလေးများမှာ ကူညီထောက်ပံ့မှုများ နည်းခြင်းကြောင့် အခက်အခဲဖြစ်နေကြကြောင်း ကျောက်တော်မြို့နယ် တောင်မင်းကုလားတိုက်ပွဲရှောင်စခန်းမှ မအေးခိုင်က CNI သတင်းဌာနသို့ ပြောသည်။

မအေးခိုင်က “ထောက်ပံ့မှုပြုလုပ်တာက စာအုပ်တစ်ခုပဲရှိတယ်။ ကျောင်းစိမ်းတွေကတော့ မပေးသေးဘူး။ ကလေးတွေ ပညာမတတ်မှာကိုလည်း စိုးရတယ်။ ခုတောင်မှ ညတစ်ကြိမ်ပဲ တက်ရတာဆိုလို့ရှိရင် မနက်ပိုင်း တစ်ကြိမ် ညတစ်ကြိမ် မတက်ရတဲ့အချိန်မှာ သူတို့အတွက်ကတော့ ကျူရှင်လည်း မထားနိုင်ဘူးလေ။ အရင် တုန်းကဆိုရင် ဒီမှာ မူကြိုကျောင်းတွေရှိတယ်။ ကျောင်းတွေရှိလို့ရှိရင် အစ်မတို့က ဆယ်တန်းအောင်တဲ့၊ ကျတဲ့ သူတွေကို ကလေးတွေကို ဒီလိုမျိုး ပိုက်ဆံစုပြီးရင် ငှားနိုင်လို့ သင်တာရှိတယ်။ အခုက အဆောင်လည်း မရှိဘူး လေ။ စခန်းထဲမှာ သူတို့ကျောင်းတက်ဖို့ အဆောင်လည်း မလုပ်နိုင်ဘူး။ လေနဲ့ပါသွားပြီ။ အဲချိန်မှာ အစ်မတို့ စခန်းထဲက လူတွေကတော့ ၆ နှစ်၊ ၇ နှစ် ကျောင်းမတက်ရသေးဘူး။ အဲလိုမျိူးရှိတယ်။ မြို့မှာဆိုရင် (အသက်)၃ နှစ်၊ (အသက်) ၄ နှစ် မူကြိုတက်နေရပြီ။ ခုအစ်မတို့က (အသက်)၇ နှစ်ရှိနေပြီ ကျောင်းမထားရသေးဘူး။ ကျောင်း မထားရတာတွေ အများကြီးရှိ နေတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသည့် တိုက်ပွဲရှောင်ဦးရေမှာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်အထိ စုစုပေါင်း ၁,၂၄၉,၇၈၉ ဦး(၁ သန်းကျော်) အထိ ရှိနေပြီဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျူ(ISP-Myanmar)၏ ထုတ်ပြန်ချက်များအရ သိရသည်။