CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၀
၂၀၂၆ ခုနှစ် မတိုင်မီ အရပ်သားအစိုးရတစ်ရပ် ပေါ်ပေါက်လာနိုင်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေး ဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနကို ပြောသည်။
သို့သော်လည်း မည်သည့်အခြေအနေတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်မလဲဆိုသည်ကို စောင့်ကြည့် နေဆဲဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း ၎င်းက ပြောသည်။
နိုင်သန်းရွှေက “ရွေးကောက်ပွဲက ဘယ်လိုပြောရမလဲဆိုတော့ အနေအထားတစ်ခုပေါ့နော်၊ ရွေးကောက်ပွဲကတော့ ကျင်းပရမှာပဲလို့ ကျနော်တို့ ယုံလည်း ယုံတယ်၊ ဒါပေမယ့် ဘယ်လိုအခြေအနေနဲ့ ကျင်းပနိုင်မလဲဆိုတာတော့ ကျနော်တို့ အခုထက်ထိ စောင့်ကြည့်နေတုန်း ဒါကတော့ ကျနော်တို့လည်း နားမလည်နိုင်ဘူး၊ ဘာဖြစ်လဲ အခြေ အနေအရပ်ရပ်အားလုံးက ကျနော်တို့လည်း မသိနိုင်ဘူး။ ကျနော်တို့ မှန်းကြည့်တာပေါ့နော်၊ ဒီ ၂၀၂၆ ဆိုလို့ရှိရင် အရပ်သားအစိုးရပေါ်နိုင်တဲ့အခြအနေတော့ ရှိမှာပေါ့နော်၊ အလွန်ဆုံးကတော့ ၂၀၂၅ လောက် အစွန်းဆုံးပေါ့နော် အဲဒါဆိုလို့ရှိရင် ရွေးကောက်ပွဲဖြစ်နိုင်တဲ့ အခြေအနေတော့ ရှိတယ်လို့ ကျနော်အဲဒီလိုပဲ သုံးသပ်တယ်” ဟု ပြောသည်။
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဲလာရောက်ထည့်စဉ်
နစက၏ နောက်ဆုံးရည်မှန်းချက်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဖြစ်ကြောင်း၊ ပြည်သူလူထုများ လုံလုံခြုံခြုံဖြင့် မဲပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဩဂုတ် ၂၂ ရက်နေ့တွင် ကျင်းပသည့် နစက၏ ၂၂ ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “လူတိုင်း အများစု မဲဆန္ဒရှင်တိုင်းရဲ့ မဲပေးခွင့်အခွင့်အရေး မဆုံးရှုံးစေရဘူး။ ပြီးရင် မှန်ကန်တဲ့ နည်းလမ်းမှန်ကန်တဲ့ ရွေးကောက်ပွဲဖြစ်ရမယ်၊ ဒီရွေးကောက်ပွဲကို ဖြစ်မြောက်အောင် လုပ်ပေးနိုင်ဖို့ ကျနော်တို့ ရည်ရွယ်တယ်၊ ကျနော်တို့ရဲ့ နောက်ဆုံးရည်မှန်းချက်က ရွေးကောက်ပွဲကို အများပြည်သူ ပါဝင် နိုင်အောင် ကျနော်တို့ ဆောင်ရွက်ပေးမယ်၊ လုံခြုံမှုရှိအောင် ကျနော်တို့ ဆောင်ရွက်ပေးရမယ်၊ ပြည့်ပြည့်စုံစုံ မဲပေးနိုင်အောင် ကျနော်တို့ ဆောင်ရွက်ပေးရမယ်၊ မဲပေးတဲ့အခါမှ အကြောက်တရားကင်းကင်းနဲ့ မဲပေးနိုင်အောင် ဖိအားမရှိဘဲနဲ့ မဲပေးနိုင်အောင် ကျနော်တို့ ဆောင်ရွက်ပေးရမယ်၊ ပြီးရင် တရားမျှတမှုရှိတဲ့ နည်းလမ်းမှန်ကန်မှု ရှိတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်အောင်လုပ်ရမယ်။ဒါလုပ်ပြီးရင်ထွက်ပေါ်လာတဲ့ အစိုးရကို ကျနော်တို့ အနေနဲ့ အာဏာလွဲပေးဖို့ရှိတယ် ” ဟု ပြောသည်။
သို့သော်လည်း အခြားတစ်ဖက်တွင် ၂၀၂၆ ခုနှစ်မှာ တာဝန်ယူရမည့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို ပြည်တွင်းရေးကိစ္စများ အဆင်သင့်မဖြစ်သေးတာကြောင့် ၂၀၂၇ ခုနှစ်မှ ပြန်လည်တာဝန်ယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
မဲများရေတွက်နေစဉ်
ထို့ကြောင့် ၂၀၂၆ ခုနှစ် မတိုင်မီ အရပ်သားအစိုးရ မပေါ်ပေါက်နိုင်ဘူးလားဟုဆိုကာ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်း ကြား သုံးသပ်ဆွေးနွေးမှုများလည်း ရှိနေသည်။
လက်ရှိ နစကအနေဖြင့် အာဆီယံအလည့်ကျ ဥက္ကဋ္ဌရာထူးကို တာဝန်ယူရန် အဆင်သင့်ဖြစ်ပုံ မရသေးကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနကို ပြောသည်။
၎င်းက “သူတို့ အဆင်သင့်ဖြစ်ပုံမရပါဘူး။ ဒါကြောင့်လည်း ၂၀၂၆ မှာ သူတို့အနေနဲ့ အာဆီယံရဲ့ ဥက္ကဋ္ဌကို မယူဘူး ဆိုတဲ့ဟာမျိုး ပြောပုံရတယ်၊ နောက်တစ်ချက်က လွန်ခဲ့တဲ့အချိန်တုန်းက သန်းရွှေ၊ ခင်ညွန့်တို့ လက်ထက်တုန်း ကလည်း ဒါမျိုးတွေ သူတို့ အဆင်သင့်ဖြစ်မှ ယူတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီလိုပဲ သူတို့အနေနဲ့ အဆင်သင့်ဖြစ်ပုံမရပါဘူး။ ဒါကြောင့်လည်း ၂၀၂၆ နောက်ပိုင်းမှာမှ ယူမယ်။ ၂၀၂၆ မှာ မယူနိုင်ဘူးဆိုတဲ့ဟာ ပြောပုံ ရပါတယ်” ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံတော်အာဏာကို ရယူထားသော နစကအနေဖြင့် အထွေထွေရွေးကောက်ပွဲကျင်းပပေးပြီး အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာလွှဲအပ်ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။