CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လေဆိပ်တွင် မန္တလေးသို့ ပြန်လည် ထွက်ခွာမည့် ခရီးသည်တင် လေယာဉ် တစ် စင်းကို KIA-PDF က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားများ သတိရှိရန်လိုအပ်လာသည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ပြောသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ထွက်ခွာမည့် မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA) ခရီးတည်တင် လေယာဥ်တစ်စင်းအား KIA နှင့် PDF ပူးပေါင်းအဖွဲ့များက FPV Suicide ဒရုန်းဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့သည်ဟု နေပြည်တော်ဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းသည် အကြမ်းဖက် လက်နက်ကိုင် လှုပ်ရှားမှုကို ပိုမို အားသန်လာသည်ဟု သုံးသပ်၍ ရနိုင်ကြောင်း၊ ထို့ပြင် ပြည်သူလူထုကို ထိတ်လန့်ကြောက်ရွံ့အောင် လုပ်ပြီး စည်းရုံးသိမ်းသွင်းသည့် သဘောမျိုးလည်း သက်ရောက်သည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကိုယ့်ဟာကိုယ် လက်နက်ကိုင်ဆောင်ပြီးဝောာ့ စစ်ရေးအရ လက်နက်ကိုင်တပ်ချင်း တပ်မတော်နဲ့ သွားပြီး တော့ EAO နဲ့ တိုက်နေကြတယ်ဆို တစ်မျိုးပေါ့လေ။ အရပ်သား ပစ်မှတ်တွေကိုပါ လိုက်လုပ်လာတယ် ဆိုတာက တော့ ဒါက အဆင်ပြေမနေဘူး။ ပြောရရင် အကြမ်းဖက် လက်နက်ကိုင် လှုပ်ရှားမှုဆိုတဲ့ လှုပ်ရှားမှုကို ပိုအားသန် လာတယ်လို့ သုံးသပ်တယ်။ ဘာကြောင့် လုပ်တာလဲဆိုတဲ့ ရည်ရွယ်ချက်ကတော့ သူတို့ကိုယ်တိုင်ပဲ သိလိမ့်မယ်။ ဒီအကြမ်းဖက် လမ်းစဉ်ကို လိုက်တဲ့အခါမှာ အရပ်သားတွေကို ကြောက်ရွံ့ ထိတ်လန့်အောင် လုပ်ပြီးတော့ စည်းရုံး သိမ်းသွင်းတယ်ဆိုတဲ့ အချက်တစ်ချက်ပါတယ်။ အဲဒီတော့ ကြောက်ရွံ့ ထိတ်လန့်အောင် လုပ်ပြီးတော့ စည်းရုံး သိမ်းသွင်းတယ်ဆိုတဲ့ နည်းလမ်းကို သုံးတယ်လို့ပဲ ပြောလို့ရလိမ့်မယ်။ လုံခြုံရေးသည် တကယ့် အရေးကြီးပါတယ် ဆိုတဲ့ နေရာမျိုးကိုပဲ ကာကွယ်ဖို့ လိုအပ်မယ်။ ဥပမာ စစ်ဘက်နဲ့ အရပ်ဘက် ပစ်မှတ်ဆိုရင် ပုံမှန်အားဖြင့်တော့ အရပ်ဘက် ပစ်မှတ်ဆိုတာ မလုပ်လောက်ဘူးလို့ ထင်ပြီးတော့ တချို့အပိုင်းတွေမှာ ကာကွယ်မှု မထားကြတာတွေ ရှိတယ်။ တကယ့်ပေါ့လေ စစ်ပွဲကို စစ်ပွဲလို တိုက်ကြတယ်ဆိုလည်း အရပ်ဘက် ပစ်မှတ်က သိပ်မလုပ်ကြတာများ တယ်။ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေးအရ အလစ်အငိုက် ယူသွားတဲ့ အနေအထားပဲပေါ့။ ဆိုလိုတာက မလုပ် လောက် ပါဘူးလို့ ထင်ထားတဲ့ အချိန်မျိုးမှာ ထပ်ပြီး လုပ်သွားတဲ့ ဟာမျိုးကျတော့ စည်းမျဉ်းစည်းကမ်း လိုက်နာ မယ်လို့ တစ်ဖက်က ထင်ပြီးတော့ လျှော့ပေါ့သွားတဲ့ အခါမျိုးမှာ ဖြစ်တတ်တဲ့ ပြဿနာလို့ သုံးလို့ရတယ်” ဟု ပြော သည်။

KIA-PDF တိုက်ခိုက်လို့ ပျက်စီးသွားတဲ့ ခရီးသည်တင်လေယာဉ်ကိုတွေ့ရစဉ်
KIA-PDF ၏ မြစ်ကြီးနားလေဆိပ် တိုက်ခိုက်မှုကို ကြည့်ပါက မြန်မာ့တပ်မတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေး လုပ်ငန်းစဉ်များသည် ပြန်လည် စဉ်းစားစရာများ ရှိလာနေသည်ကို တွေ့ရသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။
KIA အဖွဲ့အစည်း အနေဖြင့် ထိုသို့ ပစ်ခတ်တိုက်ခိုက်သည့် ပုံစံမျိုးကို မူအားဖြင့် လက်ကိုင်ထားခြင်း မရှိကြောင်း၊ ခြုံငုံသုံးသပ်ကြည့်လျှင် ကြားအင်အားစု တစ်ခုခုက လုပ်သွားခြင်းသာ ဖြစ်နိုင်သည်ဟု NCA ထိုးထားသော ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ကျနော်ထင်တာ KIA စစ်စစ်ထက်ကို KIA မှာ မှီခိုနေတဲ့ လက်ယားနေတဲ့ အဖွဲ့တွေရှိတယ်လေ။ PDF တို့လို ဘာတို့လို အဖွဲ့ပေါင်းစုံရှိတော့ အဲဒီထဲက လက်တည့် စမ်းလိုက်တယ်နဲ့ တူပါတယ်။ KIO တောင်မှ ကောင်း ကောင်း သိလိုက်လား မသိလိုက်လား။ မူအရ အားဖြင့်တော့ KIO ကတော့ ဒီမူကိုတော့ လက်ကိုင်ထားတာတော့ မရှိပါဘူး။ ခရီးသည်တင် လေယာဉ်ကို လုပ်တယ်ဆိုဝာာက လွိုင်ကော်မှာ တစ်ခါဖြစ်ဖူးတယ်။ အခုမြစ်ကြီးနားမှာ တစ်ခါဖြစ်တယ်။ အများအားဖြင့်တော့ နောက်ပေါက်ပေါ့ဗျာ၊ PDF လိုလူတွေက လက်တည့်စမ်းတာ ဖြစ်နိုင်တယ်။ KIO က သူမလုပ်ရဘဲနဲ့ သူ့ဒေသကို နည်းနည်းအစားထိုး နစ်နာမှု ပေါ်တယ်လို့ သုံးသပ်တယ်ဗျ။ ကျနော်ထင်တာ တော့ လေဆိပ်ရယ် ဘာဆိပ်ရယ် မဟုတ်ပါဘူး။ အခု လက်ရှိ စစ်ကော်မရှင်ဘက်က စိုးမိုးနယ်မြေတွေကို ဒုက္ခပေး နိုင်တယ် ရန်ရှာနိုင်တယ်ဆိုတဲ့ ပုံစံမျိုး လုပ်ချင်တာနဲ့ တူပါတယ်။ လုပ်တဲ့အဖွဲ့အနေနဲ့ပေါ့။ လူများတာ လူနည်းတာ သူတို့စာရင်းထဲ မရှိပါဘူး။ သူတို့က တို့လည်း ဒုက္ခပေးနိုင်တယ်ဆိုတဲ့ ပုံစံမျိုးဖမ်းတယ်နဲ့ တူပါတယ်။ အဲဒါက အဓိက အချက်နဲ့တူပါတယ်။ KIA ကလည်း PDF နဲ့ ဆက်ဆံရေး မပျက်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောတာ ပေါ့။ သူတို့မူမရှိပါဘူး။ မူမရှိဘဲနဲ့ ဘယ်လိုဖြစ်သလဲ။ အကြောင်း အားလုံးကြည့်လိုက်ရင်တော့ ကြားအင်အား တစ်ခုခုက လုပ်သွားတာနဲ့ တူပါတယ်” ဟု ပြောသည်။

KIA-PDF တပ်ဖွဲ့ကို တွေ့ရစဉ်
KIA-PDF က မြစ်ကြီးနားလေဆိပ်မှ ခရီးသည်တင် လေယာဉ်ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာ့တပ်မတော်က လည်း KIA-PDF များ၏ နေရာ ၄ နေရာလောက်ကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
မြစ်ကြီးနားလေဆိပ်ရှိ ရေဒါတစ်ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့နိုင်သည်ဟု KIA ထိပ်သီးခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ ပြောကြားထားသည်။
လက်ရှိတွင် KIA သည် နွေဦးတော်လှန်ရေး အင်အားစုများကို လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းများ ပေးခြင်းနှင့် နေထိုင်နိုင်ရေးတို့ကို ထောက်ပံ့ ကူညီပေးနေသလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် အတွင်းမှာလည်း ဦးဆောင်၍ မြို့သိမ်း တိုက်ပွဲများ ဖော်ဆောင်နေသည်။
