CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ဖွဲ့စည်းထားသော HPDF-124 အဖွဲ့ထဲက လူတချို့ သည် ရှမ်းနီ PDF ဖွဲ့စည်းရန် ကြိုးပမ်းသည်ဟုဆိုကာ စွပ်စွဲ၍ ဖမ်းဆီးခံခဲ့ရပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဘက်ကို ပို့ဆောင်လိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ရှမ်းနီ PDF ဖွဲ့စည်းမည့် ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံခဲ့ရသူများမှာ ဟုမ္မလင်း HPDF-124 အဖွဲ့မှ ခေါင်းဆောင် တစ်ဦး ဖြစ်သူ စိုင်းအောင်နှင့်အဖွဲ့ဖြစ်သည်။
၎င်းတို့ကို ဟုမ္မလင်းမြို့၊ နတ်နန်းကျေးရွာတွင် ဩဂုတ်လအတွင်းက NUG လက်အောက်ခံ ပကဖ၊ ပအဖနှင့် ခန္တီးခရိုင်တပ်ရင်း စုစုပေါင်း အင်အား ၂၀၀ ဖြင့် ပိတ်ဆို့၍ ဖမ်းဆီးခဲ့ပြီးနောက် ကချင်ပြည်နယ်ဘက်သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ဟုမ္မလင်းမြို့နယ်၊ နတ်နန်းကျေးရွာကို ဟုမ္မလင်း HPDF-124 နှင့် KIA ပူးပေါင်း၍ ထိန်းချုပ်ထားသည်။