CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မဦးစီးဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့ ဦးစီးကြောင်း ပြောဆိုမှုသည် မြန်မာ့တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရေး အသွားအလာ မပျက်စေရန် ထိန်းပြောခြင်းဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့သိမ်း တိုက်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ အမှတ်(၁)စစ်ဒေသက ဦးစီးကွပ်ကဲခြင်းဖြစ်ကြောင်း KIA ဘက်မှ ပြောဆိုထားသည်။

ထိုသို့ ပြောဆိုမှုသည် သံတမန်အခင်းအကျင်း အရသာဖြစ်ပြီး မူလရည်မှန်းထားသည့် မြန်မာ့တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရေး အသွားအလာ မပျက်စေရန် ထိန်းပြောခြင်းဟု ယူဆကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါက diplomacy ပါ။ KIO မှာ သူ့သတ်မှတ်ထားတဲ့ ကချင်ပြည်နယ် နယ်နိမိတ် အပြင်ဘက်ကို ထွက်ပြီး တော့ ကျူးကျော်တာ၊ နယ်ချဲ့တာ မရှိပါဘူးဆိုတာကို သံတမန်နည်းအရ ပြောတာပါ။ ဒါကြောင့် အဲဒီနယ်မှာ တိုက်ရင် အဲဒီနယ်ရဲ့ ဒေသခံတွေ ဦးဆောင်ပါတယ်ပေါ့။ ဘာကြောင့်ဆို စစ်ကိုင်းတိုင်းထဲ ရောက်နေပြီလေ။ အဲဒါ ကို ကချင်ကလည်း လာကူတဲ့သဘောပေါ့လေ။ သံခင်းတမန်ခင်းအရ ပြောတာပါ။ ဘယ်သူတိုက်တယ်၊ ဘယ်သူ ဦးဆောင်တယ်ဆိုတာတော့ အောက်ခြေ မြေပြင်သတင်းနဲ့ တူချင်မှတူမှာပေါ့။ ဒါ သံတမန် စကားပြောတယ်လို့ ကျနော် ယူဆပါတယ်။ သူတို့ဆွေးနွေးပွဲက နှစ်ဖက်က သဘောတူပြီးသားပဲ။ KIO က မြစ်ကြီးနားမှာဆုံဖို့ အဆိုပြု တယ်။ ဒါပေမယ့် မြစ်ကြီးနားက လောလောဆယ် အခြေအနေအရ တခြားအင်အားတွေများနေတော့ ဘယ်သူမှ လုံခြုံမှုကို မပြောနိုင်ဘူး။ နေပြည်တော်ဘက်ကလည်း မိုင်းလားဖြစ်စေ၊ ကျိုင်းတုံဖြစ်စေ အကြံပြုပါတယ်။ မိုင်းလား၊ ကျိုင်းတုံမှာ တွေ့ဖို့လည်း KIO ဘက်က သဘောမတူသေးဘူး။ နေရာပြဿနာနဲ့ပဲ မတွေ့ဖြစ်သေးဘူးလို့ ယူဆပါတယ်။  ဆွေးနွေးမယ်လို့ ပြောထားတဲ့ကြားမှာ တိုက်ရကောင်းလားလို့ တစ်ဖက်က အပြစ်တင်နိုင်တာပေါ့။ ဒါကြောင့် PDF တွေကို ကူတာပါ ဆိုပြီးတော့ ပြောတာ။ မူလရည်မှန်းထားတဲ့ တွေ့ဆုံဆွေးနွေးရေး အသွားအလာ ကို မပျက်အောင် ထိန်း‌ပြောတယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

ဗန်းမောက်မြို့ကို KIA-PDF သိမ်းပိုက်လိုက်စဉ်

ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်းတပ်ဖွဲ့များ၊ ကဒူးဒေသကာကွယ်ရေးတပ်ဖွဲ့၊ ဗန်းမောက် (ပကဖ) စသည့် တော်လှန်ရေးပူးပေါင်းတပ်များက စက်တင်ဘာ ၁၅ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် စက်တင်ဘာ ၂၀ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက စက်တင်ဘာ ၂၂ ရက်နေ့တွင် ကြေညာခဲ့သည်။

ဗန်းမောက်မြို့သည် ရှမ်းနီနှင့် ကဒူးလူမျိုးတို့ အဓိက အများဆုံး နေထိုင်ကြခြင်းဖြစ်ပြီး တိုင်းရင်းသား ပြဿနာများ တက်လာနိုင်သဖြင့် NUG ဘက်ကို KIA က လွှဲချလိုက်ခြင်းဟုမြင်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုး တိုးတက်‌ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဗန်းမောက် ဆိုတဲ့ဟာက သူတို့လည်း နာမည်ခံလို့ မကောင်းဘူး။ ပြည်မထဲမှာ စစ်ကိုင်းတိုင်းထဲမှာ ပါနေ တာလေ။ ကချင်ပြည်နယ်ထဲက မြို့မဟုတ်ဘူး။ KIA က နိုင်ငံရေးအရ အကင်းပါးတယ်ဆိုတာ အဲဒါလေးတွေ ကျနော် ပြောတာပေါ့။ သူတို့က ဦးဆောင် တိုက်ပေမယ့်လည်း နောက်ကွယ်က NUG ကို ရှေ့တန်းတင်ပေးလိုက် တဲ့သဘော တွေ့ရတာပေါ့။ ဒါကလည်း နိုင်ငံရေးအရ အကင်းပါးတယ်။ သူ့ရဲ့ ပါးနပ်မှုပေါ့။ အတူတိုက်ပြီးမှ ဗန်းမောက်မြို့ကို ရသွားတယ်။ သူနာမည် မယူဘူး။ ဒါပေမယ့် NUG က တိုက်တယ်ဆိုပြီးမှ လုပ်သွားတာပေါ့။ ဗန်းမောက်ပြဿနာ ဘာရှိလဲဆိုတော့ ရှမ်းနီတိုင်းရင်းသားနဲ့ ကဒူးတိုင်းရင်းသားတွေနေတယ်။ ကဒူးက ၁၄ ရာခိုင်နှုန်းရှိတယ်၊ ရှမ်းနီလူမျိုးက ၆၈ ရာခိုင်နှုန်းရှိတဲ့ အခါကြတော့ တိုင်းရင်းသားပြဿနာတွေ တက်လာတဲ့အခါ ကြတော့ သူက NUG ဘက်ကို လွှဲချလိုက်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

NUG နဲ့ ချင်းညီနောင်တပ်ဖွဲ့ကို တွေ့ရစဉ်

၂၀၂၅ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လများအတွင်း KIA ဌာနချုပ်သို့ ချင်းညီနောင်အဖွဲ့(CB)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ယောတပ်တော်၊ မြင်းခြံ PDF၊ NUG ဝန်ကြီးများ၊ နာဂလက်နက်ကိုင်များ စသည့် နွေဦးတော်လှန်ရေး အင်အားစုများ ဆုံဆည်း၍ KIA နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံမှုပြီးနောက် ယခုကဲ့သို့ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလာကြခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ခမ်းပတ်၊ မြို့သစ်၊ ရွှေပြည်အေး၊ ပင်လည်ဘူး၊ မော်လူး၊ အင်းတော် နှင့် ဗန်းမောက် စသည့် မြို့များကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသည်။

ဗန်းမောက်မြို့သည် ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်ထဲတွင် ပါဝင်သော်လည်း ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁)အတွက် မြို့နယ် ၁၀၂ ခုထဲ၌ မပါဝင်သေးကြောင်း သိရသည်။