CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁

လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မိမိတို့ပါတီအား ချိန်းခြောက်မှုများရှိနေသော်လည်း ဂရုမစိုက်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က ပြောသည်။

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)သည် အရပ်သားအစိုးရ လက်ထက် ၂၀၁၃ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် ရရှိခဲ့တာဖြစ်ပြီး ပါတီသက်တမ်းသည် ၁၃ နှစ်ကျော်ရှိပြီဖြစ်ကြောင်း၊ ရှမ်းနီလူမျိုးများ၏ ပထမဆုံးသော နိုင်ငံရေးပါတီဖြစ်ကြောင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့မှာ ရွေးကောက်ပွဲအသီးသီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မိမိတို့ပါတီအား ချိန်းခြောက်မှုများ ရှိနေသော်လည်း ပါတီအတွက် ချိန်းခြောက်မှုများက ရိုးသွားပြီဖြစ်ကြောင်း၊ ပြည်သူထောက်ခံမှု များများရလေလေ ချိန်းခြောက်မှုနှင့် ဝေးလေလေ ဖြစ်သွားလိမ့်မည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပါတီအနေနဲ့ကတော့ စည်းရုံးရေးကတော့ အခက်အခဲ ဖြစ်လိမ့်မယ်၊ အင်းတော်ကြီး‌ဒေသလိုမျိုး ဆိုရင် တော့ စစ်ပွဲတွေ ဖြစ်နိုင်တယ်၊ ဖြစ်နေကြတယ်။ မဲထည့်ဖို့တွေကတော့ မဲရုံထောင်ဖို့ မဖြစ်နိုင်တဲ့ အတိုင်းအတာလို ဖြစ်နေတယ်ပေါ့၊ နောက် KIA ဘက်ကလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောထားတယ်။ KIA ထိန်းချုပ်တဲ့နယ်မှာ ရွေးကောက်ပွဲ မကျင်းပရဘူးလို့ ပြောထားတဲ့ အခါကြတော့ ဒါနှောင့်ယှက်မှုတော့ တစ်ခုခုတော့ ရှိမှာပေါ့။ အခု ဆိုရင်တော့ မြစ်ကြီးနားမြို့နယ်မှာ ဆိုရင်လည်း ဆင်ပေါ်၊ တာလောတွေ ဆိုရင်တော့ သူရဲ့ထိန်းချုပ်မှုအောက်ကို ရောက်နေတယ်။ ဒါလည်း မဲပုံး ထောင်နိုင်ဖို့ အလားအလာနည်းတာပေါ့။ အဲတာကတော့ နောက်ပါတီရဲ့ အခက် အခဲ အကြီးမားဆုံးကတော့ ကျနော်တို့ ကိုယ်အင်ကိုယ့်အား တည်ထောင်တဲ့ အခါကြတော့ ရန်ပုံငွေ အခက်အခဲ ရှိပါတယ်၊ ကျနော်တို့ပါတီ အနေနဲ့ကတော့ ချိန်းခြောက်မှုတွေလည်းရှိပါတယ်။ ဒါချိန်းခြောက်မှုကတော့ ကျနော် တို့ ရိုးသွားပြီလို့ ပြောလို့ရမှာပေါ့၊ ဒီချိန်းခြောက်မှုလည်း ဂရုမစိုက်ပါဘူး။ ဒါပြည်သူတွေရဲ့ ထောက်ခံမှုတွေ များများရလေလေ ဒီချိန်းခြောက်မှုနဲ့ ဝေးလေလေ ဖြစ်သွားပါလိမ့်မယ်”ဟု ပြောသည်။

  TNDP ပါတီရုံးဖွင့်လှစ်စဉ်

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က ပြဋ္ဌာန်းခဲ့သည်။

အဆိုပါ ဥပဒေအရ ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်မှ အများဆုံး တစ်သက်တစ်ကျွန်းကနေ သေဒဏ်ထိချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

တိုင်းလိုင်(ရှမ်းနီ) TNDP ပါတီသည် ကချင်ပြည်နယ် အခြေစိုက်ဖြစ်ပြီး ကချင်ပြည်နယ်တွင် ပြည်နယ်နှင့် အမျိုးသားကို PR မဲဆန္ဒနယ်ခွဲသည့်အခါ မဲဆန္ဒနယ်အမှတ် ၂ ကို အားစိုက်ပြီး ပြိုင်မှာဖြစ်ကြောင်း TNDP ပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က ပြောသည်။ 

TNDP ပါတီ လူထုတွေ့ဆုံစဉ်

၎င်းက “ကျနော်တို့ စာရင်း တင်ထားတာကတော့ ၃၂ ဦးပေါ့၊ အခုစစ်ဆေးမှာတို့ ဘာတို့တော့ စစ်ဆေးနေတာ ပေါ့လေ။ မပြီးသေးဘူး ၁ ရက်နေ့မှ သူတို့ပြီးလိမ့်မယ် ပါတီ အခြေအနေကတော့ ကောင်းပါတယ်။ ကျနော်တို့ လူထုယုံကြည်မှု ရှိထားပါတယ်။ မကြာသေးဘူး မိုးညှင်း ပြန်သွားလိုက်တယ်။ ပြန်သွားတဲ့အချိန်မှာ လူထုနဲ့ထိတွေ ဆက်ဆံပြောဆိုရတဲ့ အကြောင်းအရင်း လေးတွေလည်း ရှိလာတာပေါ့နော်။ လူထုရဲ့ ခံစားချက်တွေ ဘာတွေဆို တာလည်း ကျနော်တို့ သိရတယ်ပေါ့။ ကျနော်တို့ ခံစားချက်နဲ့ အတူတူပါ။ ကျနော်တို့‌ ဒေသတွင်းက ပြည်သူလူထု ကတော့ ယုံကြည်မှုတော့ များလာတယ်လို့ ကျနော့် အနေနဲ့ ခံစားရပါတယ်။ ကျနော်တို့ကတော့ ကချင်ပြည်နယ် အခြေစိုက် ဆိုတဲ့အခါကျတော့ အခု ကချင်ပြည်နယ်မှာ ပြည်နယ်နဲ့ အမျိုးသားကို သူက မဲဆန္ဒနယ် PR မဲဆန္ဒနယ် ခွဲတဲ့အခါမှာ ကျနော်တို့က အမှတ် ၂ ဘက်က အများဆုံးပါသွားတယ်။ ကျနော်တို့ ဒေသတွေကတော့ မဲဆန္ဒရဲ့အမှတ် ၂ မှာရှိတဲ့ အတွက်ကြောင့်မို့လို မဲဆန္ဒနယ်အမှတ် ၂ ကို ကျနော်တို့ အားစိုက်ပြီးပြိုင်မှာ”ဟု ပြော သည်။ 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်တွင်လည်း ကျားနီပါတီက မှတ်ပုံပြန်တင်ခဲ့ပြီး ကချင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီအဖြစ်သာ ဆက်လက် ရပ်တည်နေခြင်းလည်း ဖြစ်သည်။

လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း(၁)၌ ကချင်ပြည်နယ်အတွင်းမှာ ပြည်နယ်လွှတ်တော် ၃၆ နေရာ၊ ပြည်သူ့လွှတ်တော် ၁၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၆၆ နေရာ ရွေးကောက်ခံကြရမည်ဖြစ်သည်။