CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁
မိမိတို့ ရှမ်းနီ TNDP ပါတီသည် လုပ်ငန်းစဥ် ၄ ရပ်အား ပြည်သူလူထုကို ချပြပြီး အချက် ၄ ချက်နှင့် စည်းရုံးရေး လုပ်ဆောင်နေကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က လူထုများကြား စုဝေးဟောပြောပြီး မဲဆွယ်စည်းရုံးရေးတွင် ရွေးကောက်ပွဲ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာကြရန် ပါတီများကို သတိပေးထားသည်။
လာမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် စတင် ကျင်းပမည်ဖြစ်၍ မဲဆွယ်စည်းရုံးရေး ကာလ ရက်ပေါင်း (၆၀)အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် သက်ဆိုင်ရာ မြို့နယ်များတွင် ပါတီဆိုင်းဘုတ်များ ထောင်ခြင်းနှင့် ပန်းဖလက်များဝေခြင်း စသည့် မဲဆွယ်စည်းရုံးခြင်းများ လုပ်ဆောင်နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အနာဂတ်တွင် မည်သည့် ပုံစံမျိုးနှင့်သွားလျှင် အကောင်းဆုံးဖြစ်မည်ဆိုတာကို ချပြ၍ ပြည်သူလူထု အား စည်းရုံးနေသည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင် က CNI သတင်းဌာနသို့ ပြောသည်။

TNDP ပါတီ လူထုစည်းရုံးဟောပြောနေစဉ်
၎င်းက “ကျနော်တို့ကတော့ နိုင်ငံရဲ့ အနာဂတ်မှာ ဘယ်လိုပုံစံမျိုးနဲ့ သွားရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာ ပြည်သူ လူထုကို ချပြပြီးမှ ကျနော် စည်းရုံးတယ်၊ မြန်မာပြည်သူတွေ အနေနဲ့တော့ ငြိမ်းချမ်းရေးက အဓိကပဲ ကျတယ်လို့ မငြိမ်းချမ်းတဲ့ အခါကြတော့ ပြည်သူတွေ အခုလို ဒုက္ခရောက်ကြရတာပေါ့။ စစ်ပွဲတွေရပ်ပြီးတော့ ငြိမ်းချမ်းရေးတွေ ရမယ်၊ လာမယ့် ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်နိုင်မယ့ဆိုတဲ့ ကဏ္ဍတွေကိုတော့ ကျနော်တို့ နံပါတ်တစ် အချက် အနေနဲ့ ပြောပါတယ်။ ကျနော်တို့ နံပါတ်နှစ်ကတော့ ဒါကျနော်တို့ လူမျိုးတူ ပါတီဖြစ်တဲ့ ကျနော်တို့ လူမျိုးက တော့ သမိုင်း အထောက်အထားတွေ ခိုင်ခိုင်မာမာ ရှိပေမယ့် ကိုယ်လူမျိုးစုမှာလည်း အမျိုးမျိုး ကွဲနေတော့ လူမျိုးစု နာမည်ကိစ္စကို ကျနော်တို့ ပြောတယ်။ နောက် နံပါတ်သုံးကတော့ ကျနော်တို့ရဲ့ တောင်သူ လယ်သမားဘဝပေါ့ နော်၊ မြန်မာနိုင်ငံရဲ့ တောင်သူလယ်သမားဘဝတွေ ဘယ်လို မြှင့်တင်အောင် လုပ်မယ်ဆိုတဲ့ ကဏ္ဍပြောတယ်။ နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ နံပါတ်လေးကတော့ ကျနော် အဲ့လိုပြောပါတယ်။ ဒါကျနော်တို့ ပါတီရဲ့ စည်းရုံးရေး ပါ အချက် ၄ ချက်နဲ့ပဲ ကျနော်တို့ လုပ်ငန်းစဉ် ၄ ရပ်ကို ပြောတယ်၊ ပြည်သူကိုချပြပါတယ်။ သူများပါတီကတော့ ဘယ်လိုစည်းရုံးတယ်တော့ ကျနော်ကြားတော့ ကြားပါတယ်”ဟု ပြောသည်။
ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို အောက်တိုဘာလ ၂၈ ရက် နံနက်(၆) နာရီမှ ဒီဇင်ဘာလ ၂၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း၆၀ အတွင်း ပြု လုပ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်တွင် ကုန်ဈေးနှုန်း ကြီးမြင့်ချင်းဒဏ်ကို အလူးအလဲ ခံနေရကြောင်း၊ ပြည်သူများဘက်မှ တင်ပြ ချက်များ အများကြီးရှိနေသည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)ဥက္ကဋ္ဌ စိုင်း ဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

TNDP ပါတီ လူထုစည်းရုံးဟောပြောနေစဉ်
၎င်းက “တင်ပြချက်တွေ အများကြီးရှိပါတယ်၊ ကျနော်တို့ ဒေသဆို ကချင်ပြည်နယ်ဆိုတော့ ကုန်ဈေးနှုန်း ကြီးမြင့် ချင်းဒဏ်ကို အလူးအလဲခံရတယ်၊ ပြောကြပါတယ်။ ပြည်သူတွေဘက်က ဒါလည်း လမ်းမှာ ငြိမ်းချမ်းရေးမရလို့ ဂိတ်တွေ အများကြီးဖွင့်လို့ ဖြစ်လာတဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ တစ်ခုဖြစ်တယ်။ ငြိမ်းချမ်းရေးသာ ရသွားရင် ဂိတ်တွေက မရှိတော့ဘူးဆိုရင်တော့ ဒါကုန်ဈေးနှုန်းကလည်း ဒီလောက်ထိ ကွာဟမှုရှိမှာ မဟုတ်တော့ဘူး။ ခု မန္တလေးနဲ့ မြစ်ကြီးနားတောင်မှ ကုန်ဈေးနှုန်းက အရမ်းကွာတာကို သုံးဆလောက် ကွာသွားတယ်ဆိုတော့ အဓိက ငြိမ်းချမ်းရေးကိစ္စကို ပြောတယ်ဆိုတာက ပြည်သူ့ဘက်ကတော့ တင်ပြတယ်။ ကျနော်လည်း ပြန်ရှင်းပြရတာပေါ့ နိုင်ငံဖွံ့ဖြိုးရေးကိစ္စကတော့ ငြိမ်းချမ်းရေး ရသွားမှပဲ အားလုံးကို လုပ်နိုင်မှာလေ။ ဒါကြောင့် ကျနော်တို့ အရေး အကြီးဆုံးကိစ္စက ဒီငြိမ်းချမ်းရေးကိုပဲ ထားတယ်ဆိုတဲ့ အကြောင်းပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပမည် ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း (၃)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန် ပြောကြားထားသည်။
