CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂

လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲကာလတွင် ရှမ်းနီလူမျိုးများ လွှတ်တော်ထဲ များများ ရောက်ထားရန် လိုအပ်သည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းနီတိုင်းရင်းသားများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်းရှိ ချင်းတွင်းမြစ်ဝှမ်းတွင် နေထိုင်ကြသည့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုကြီးဖြစ်ပြီး၊ ရှမ်းနီတိုင်းရင်းသားများ အခြေချနေထိုင်ခဲ့ကြသည်မှာ နှစ်ကာလများစွာ ကြာရှည်ခဲ့ပြီ ဖြစ်သည်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ မူဝါဒတွင် ငြိမ်းချမ်းရေး၊ အတူနေ တိုင်းရင်းသားများ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေး၊ ရှမ်းနီလူမျိုးအမည်မှန်ပေါ်ပေါက်ရေး၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးတို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် လူမျိုးစုအခွင့်အရေးများရရှိအောင် ရှမ်းနီလူမျိုးများ လွှတ်တော်ထဲ များများ ရောက်ထားရန်လိုအပ်ကြောင်း TNDP ပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းနီတိုင်းရင်းသားကို တွေ့ရစဉ်

၎င်းက “အခုနိုင်ငံရေး အခင်းအကျင်းကလေ ယနေ့လည်း ၄၇ လိုဘဲ ကျနော်တို့က ဒီအပြောင်းအလဲ ကြီးကြီး မားမားတော့ ဖြစ်လာလိမ့်မယ်။ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာတဲ့ အခါကြရင် ကျနော်တို့ ညီညွတ်မှု အား လိုအပ်တယ်ပေါ့။ ၄၇ တုန်းကတော့ ကျနော်တို့ မရှိတဲ့ဟာတွေ ယနေ့ချိန်မှာရှိပြီ။ နိုင်ငံတော်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ အခါကြတော့ နောက်ပိုင်းကြ ရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ပြည်နယ်တို့တွေ ဖြစ်လာလိမ့်မယ်။ အဲတာလည်း ယနေ့ အပြောင်းအလဲ ကာလမှာ ပြောနိုင်ဆိုနိုင်ဖို့ အတွက်ကတော့ ရှမ်းနီလူမျိုးတွေ အနေနဲ့ လွှတ်တော်ထဲ များများ ရောက်ထားဖို့တော့ လိုအပ်ပါ တယ်။ ဒါ လွှတ်တော်ထဲမှာပဲ စကားပြောကြပါမယ်၊ တဖြည်းဖြည်းနဲ့ ကျနော်တို့ ကြိုးစားကြမယ်ဆိုရင်တော့ အောင်မြင်သွားနိုင်တယ်ဆိုတဲ့ အကြောင်းလေးပေါ့။ ဒါကြောင့်မို့ အခုရှမ်းပြည် ဒီဘက် ဒီနိုင်ငံရေး အခင်းအကျင်း မှာ လူမျိုးစု အခွင့်အရေး ရရှိအောင်က ရှမ်းနီပါတီက ရွေးကောက်ပွဲနိုင်မှ ဖြစ်မယ်ဆိုတဲ့ ခံယူချက်မျိုး ရှမ်းနီလူမျိုး ထဲမှာ ရှိထားပေးပါလို့ မေတ္တာရပ်ခံလိုတယ်”ဟု ပြောသည်။ 

မိမိတို့ ပါတီအနေနှင့် လွှတ်တော်ထဲရောက်လျှင် နိုင်ငံရေးအရ ပြောဆိုကြပြီး လက်နက်ကိုင်အဖွဲ့ ချုပ်ငြိမ်းသွား လျှင် ပြည်သူပါ အေးအေးချမ်းချမ်းနှင့် နေနိုင်မှာဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(TNDP) ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က ပြောသည်။

လွတ်လပ်ရေး ရစဥ်တုန်းက ရှမ်းနီလူမျိုးများသည် ပါတီလည်းမရှိခြင်း၊ ပြောဆိုနိုင်သည့် အဖွဲ့အစည်း မရှိခြင်း၊ ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်အား ကချင်ပြည်နယ်ထဲ ထည့်သွင်းသည့် ကိစ္စဆိုလျှင် ရှမ်းနီလူမျိုးများ အဖွဲ့အစည်း မရှိခဲ့သောကြောင့် ကန့်ကွက်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ရှမ်းနီအမျိုးသားနေ့ကျင်းပစဉ်

စိုင်းဋ္ဌေးအောင်က “ယနေ့ အချိန်မှာလည်း ကျနော်တို့က အဖွဲ့အစည်းလည်းရှိပြီ၊ ဒါပါတီလည်းရှိပြီ။ ရှမ်းနီလူမျိုး တွေ အတွက်ရော ပြည်သူအနေနဲ့ရော ယုံယုံကြည်ကြည်နဲ့ ကျနော်တို့ကို စုပေါင်း မဲထည့်ကြမယ်ဆိုရင်တော့ ကျနော်တို့လည်း လွှတ်တော်ထဲ ရောက်သွားရင် ပိုပြီးမှ လုပ်အားရှိမှာပေါ့။ ယနေ့ အချိန်ကတော့ နိုင်ငံရေးပါတီ တစ်ရပ် အနေနဲ့ပဲ ကျနော်တို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီနယ်မြေဒေသတွင်းမှာရှိတဲ့ တန်းတူညီမျှ အခွင့် အရေး ရရှိအောင်လည်း ကျနော်တို့ ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ဖြစ်ပေါ်ပြီးခဲ့တဲ့ ကျနော်တို့ရဲ့ နေထိုင် ရတဲ့ပုံစံတွေ ဘယ်လိုပုံစံမျိုးလည်းဆိုတော့ ပြည်သူတွေ အနေနဲ့ရော ယနေ့အချိန်မှာတော့ သိချိန်တန်ပြီလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ ၁၉၆၂ ခုနှစ် KIA ပေါ်လာပြီးနောက်ပိုင်းမှာ ကျနော်တို့တွေ ဘယ်လိုခံစားခဲ့ရလဲ ပေါ့နော်။ ဒါကြောင့်မို့ ကျနော်တို့ လက်နက်ကို လက်နက်နဲ့ တိုက်မယ်ဆိုရင်လည်း ဒါစစ်ပွဲ တွေဖြစ်ပြီမှ ပြည်သူသာ ဒုက္ခ ရောက်ကြရတာ ယနေ့လက်တွေ့ပဲလေ။ ဒါနိုင်ငံရေးအရ ပြောကြဆိုကြမယ် ဒီလက်နက်ကိုင်အဖွဲ့ ချုပ်ငြိမ်း သွားမယ်ဆိုရင် ပြည်သူပါ အေးအေးချမ်းချမ်းနဲ့ နေနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

လက်ရှိ ရှမ်းနီတိုင်းရင်းသားများ၏ တိုင်းရင်းသား တန်းတူအခွင့်အရေးအတွက် ဆောင်ရွက်နေရာတွင် ပါတီ အနေဖြင့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်း ညီညွတ်ရေးပါတီ(SSP)တို့ရှိပြီး လက်နက်ကိုင်အနေဖြင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ရှိသည်။

အဆိုပါ ရှမ်းနီ ၂ ပါတီသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် ကချင်ပြည်နယ်တို့မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။